ကိုရီးယားစာစားဖို့အတွက် ကိုရီးယားအထိသွားဖို့မလိုတော့ပါဘူး

ကဲ ၀ါးမယ်မိတ်ဆွေတို့ရေ ဒီတစ်ခေါက်မှာ အက်ဒမင်သွားစားဖြစ်ခဲ့တဲ့ ကိုရီးယားစားသောက်ဆိုင်လေးတစ်ဆိုင်အကြောင်း ပြန်လည်မျှဝေပေးပါမယ်။ ဒီဆိုင်အကြောင်းကို အတော်များများလည်း သိပြီးကြ ပြီးဖြစ်ပါလိမ့်မယ် ဒါပေမယ့်မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး သွားစားခဲ့တဲ့ အစားအသောက်တွေအကြောင်းပြန်ပြီး ဖောက်သည်ချပေးပါမယ်။

ဆိုင်က မြန်မာပလာဇာမှာရှိတဲ့ Yoogane ဆိုတဲ့ ကိုရီးယားစားသောက်ဆိုင်လေးပါ။ ရောက်သွားတဲ့အချိန်မှာပဲ ဆိုင်မှာ လူအနည်းငယ်ကျနေတာကြောင့် တခါမှမစားဖူးပေမယ့် ဒီဆိုင်မှာ အားပေးသူအခိုင်အမာရှိတယ်လို့ ကောက်ချက်ချမိတယ်။ ဒီတစ်ခေါက် စားဖြစ်ခဲ့တဲ့ကိုရီးယားအစားအသောက်တွေကတော့ Common Octopus Chicken Galbi ရေဘ၀ဲကြက်သား၊ Mozzarella Cheese ၊ Egg Roll ၊ Ramyeon Noodles နဲ့ Chicken Galbi Vegetables Fried rice တို့ကို စားဖြစ်ခဲ့တယ်။

အရင်ဆုံး ကြက်ဥလိပ်အရသာကိုစပြောရရင် တခြားဆိုင်တွေကလိုအရသာရှိပြီး Yoogane ကြက်ဥလိပ်ရယ်လို့ ခွဲထွက်ရလောက်အောင် ထူးခြားတဲ့အရသာတော့မရှိပါဘူး။ နူးညံ့တဲ့အရသာ၊ ဆိမ့်ပြီး အိနေပြီး ပုံမှန်အရသာရှိပါတယ်။ ဒါပေမယ့် ထူးခြားတာက ဒီဆိုင်ရဲ့ ကင်မ်ချီအချဉ်နဲ့ တွဲစားရတာတော့ အရသာအတော်လေး ထူးခြားသွားတယ်။ မုန်ညှင်းအရွက်နဲ့ ငရုတ်သီးအရသာက အမှတ်ပြည့်ပေးရမယ့် အချဉ်တစ်ခုပါ။

Ramyeon Noodles ရဲ့အရသာက ငရုတ်သီးအနှစ်အရသာများပြီး ခေါက်ဆွဲသားအရသာတော်တော်ကောင်းတယ်။ ဒီတိုင်းစားရင်တော့ အရသာသိပ်မထူးလို့ ရေဘ၀ဲကြက်သားနဲ့ရောစားဖို့ မှာခဲ့တယ်။ ရေဘ၀ဲအရသာကတော့ ပုံမှန်ပဲလို့ဆိုရမှာပါ။ ဒါပေမယ့် ကြက်သားအရသာကတော့ တကယ့်ကို ချိစ်အပြည့်နဲ့ စားလိုက်တာနဲ့ အီဆိမ့်သွားပြီး တကယ်စားလို့ကောင်းတဲ့အသားအရသာပါ။ ကြက်သာအမျှင်တိုင်းမှာ ချိစ်အရသာအပြည့်ပါပြီး ကြိုက်တတ်တဲ့သူဆိုလုံးဝ သဘောကျစေမယ့်အချက်ပါ။ ဒီဟင်းပွဲမှာပါတဲ့ တော့ပ်ပိုကီအရသာကတော့ စားဖူးသမျှထဲမှာ အကောင်းဆုံးလို့သတ်မှတ်ချင်လောက်အောင်ကို ကောင်းပါတယ်။

ဒီဆိုင်ကို သွားမယ်ဆို မဖြစ်မနေသိထားသင့်တာက ကိုရီးယားအစားအစာကို တကယ်အရသာခံပြီးစားချင်တယ်ဆိုမှသွားသင့်တဲ့နေရာတစ်ခုပါ။ ကြက်သားဘူးလ်ဂိုဂီထမင်းကြော်ကိုလည်း သဘောကျပြီး တစ်ပွဲကို ၂ ယောက်လောက်စားလို့ အဆင်ပြေပါတယ်။