ဖွင့်ထားတာ မကြာသေးတဲ့ စမ်းချောင်းက ကော်ဖီဆိုင်အသစ်လေး

Plant, Coffee, Book

ဆိုင်အသစ်လေး

Warmae ရဲ့ သူငယ်ချင်းတွေကို ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ကော်ဖီဆိုင်လေးတစ်ခုကတော့ ရန်ကုန်မှာ နည်းနည်း ထူးခြားတဲ့ ဆိုင်သစ်ကလေးတစ်ဆိုင် ဖြစ်ပါတယ်။ ဒီဆိုင်ကို အောက်တိုဘာလ (၁၅)ရက်ကမှ စဖွင့်တာ ဖြစ်လို့ သက်တမ်း ၂ပတ်ကျော်ပဲ ကြာပါသေးတယ်။ ဒါပေမယ့် ဒီအချိန်ကာလလေးအတွင်းမှာ လူငယ်တွေကြားရေပန်းစားခဲ့တဲ့ ကော်ဖီဆိုင်တစ်ဆိုင် ဖြစ်လာခဲ့ပါတယ်။

The Plant House Cafe
ဆိုင်အဝင်

Books, Plants and Coffee ဆိုတဲ့ စာသားလေးနဲ့အတူ ကော်ဖီနဲ့ တွဲစပ်ထားတဲ့ စာအုပ်နဲ့ အပင်တွေကြောင့် ဒီဆိုင်ကလေးကို လူငယ်တွေ အထူး စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။ ကော်ဖီသောက်ရင်း စာဖတ်နိုင်သလို စာအုပ်အသစ်လာဝယ်ရင်းလည်း ကော်ဖီလာသောက်နိုင်ပါတယ်။ ဒါ့အပြင် အပင်တွေကို ချစ်တတ်တဲ့သူဆိုရင် ဒီဆိုင်ကလေးကနေ အပင်ကလေးတွေကိုပါ ဝယ်သွားနိုင်ပါတယ်။

Plant house cafe
Plants for sale

အစားအသောက်တွေအကြောင်း

ကဲ… အစားအသောက်တွေဆီ သွားရအောင်။ ဒီဆိုင်မှာ သောက်စရာ ကော်ဖီတွေကတော့ Brewed Coffee(၁၀၀၀ကျပ်) ကနေ စပြီး Iced Mocha(၃၀၀၀ကျပ်)ထိ ရှိပါတယ်။ Coffee အမျိုးအစားတွေက Espresso(Single)၊ Cafe Americano၊ Cappuccino၊ Cafe Latte၊ Cafe Vanila Latte၊ Cafe Hazel Nut Latte၊ Cafe Mocha နဲ့ Matcha Latte တို့ ရပြီး Hot ကော Iced ပါ ရပါတယ်။ Italian Blue Soda၊ Italian Kiwi Soda နဲ့ Mint Soda တို့လည်း ရပါတယ်။ ကျွန်တော်ကတော့ Cappuccino တစ်ခွက် အရင် မှာသောက်လိုက်ပါတယ်။

Cappuccino သောက်ရင်း ဘာစားရင်ကောင်းမလဲ စဉ်းစားလိုက်ပါတယ်။ ဒီဆိုင်မှာ Snack အနေနဲ့ Toast(၁၂၀၀ကျပ်)၊ Tuna Sandwich(၁၅၀၀ကျပ်)၊ Cheese Sandwich Toast(၁၂၀၀ကျပ်)၊ Pudding(၁၂၀၀ကျပ်) တို့ ရှိသလို လက်ဖက်ထမင်း(၁၂၀၀ကျပ်)၊ လက်ဖက်ခရမ်းချဉ်သီးအစာသွပ်(၁၅၀၀ကျပ်)၊ ခေါပုတ်ဘယာကြော်(၂၀၀၀ကျပ်)၊ ခေါပုတ်တို့ဟူးနွေး(၁၂၀၀ကျပ်) တို့ ရပါတယ်။ သစ်သီးစုံပါတဲ့ Fruit Bowl(၂၀၀၀ကျပ်)လည်း ရှိပါတယ်။( Admin သွားပြီးနောက်ပိုင်းမှာ menu အသစ်တွေ ထပ်တိုးမယ်လို့လည်း သိခဲ့ရပါတယ်။)

khaw pote, shan food
ခေါပုတ်ကို မြေပဲနဲ့ ကြော်ထားတဲ့ ခေါပုတ်ဘယာကြော်မွှေးမွှေးလေး(၂၀၀၀ကျပ်)

Menu ထဲက နာမည်ဆန်းဆန်းလေး ဖြစ်တဲ့

ခေါပုတ် ဘယာကြော်

ကို အရင်မှာ လိုက်တယ်။ ခေါပုတ်ကို ဒီတိုင်း မကြော်ပဲ ပဲနဲ့ကပ်ပြီး ကြော်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့အရသာကို ပိုပြီး လိုက်ဖက်စေဖို့ ခရမ်းချဉ်သီးပန်ထွေဖျော်လေးနဲ့ တွဲစပ်လိုက်ချိန်မှာတော့ စားလို့မဝနိုင် ဖြစ်ရပါတယ်။

Khaw Pote, Toh Hu Nway
တို့ဟူးနွေးကို ခေါက်ဆွဲနဲ့ မဟုတ်ဘဲ ခေါပုတ်ကင်နဲ့ ပေါင်းစပ်ထားတာပါ(၁၂၀၀ကျပ်)

ခေါပုတ်တို့ဟူးနွေး

နောက်တစ်ခုကတော့ ခေါပုတ်တို့ဟူးနွေး ။ ဒီတစ်ခါတော့ ခေါပုတ်ကို ကြော်ထားတာ မဟုတ်ဘဲ မီးနည်းနည်းပဲ ကင်ထားပြီး တို့ဟူးနွေးနဲ့ မြေပဲလေးတွေပါတယ်။ မွှေလိုက်တဲ့အချိန်မှာ တို့ဟူးနွေးရဲ့ အနံ့က သင့် ပါးစပ်ကို အလိုလိုဟစေပြီး ခေါပုတ်တို့ဟူးနွေးတစ်ပွဲကို မိနစ်ပိုင်းအတွင်း ကုန်သွားအောင် စွမ်းဆောင်နိုင်ပါတယ်။

ဒါနဲ့တင် မတင်းတိမ်နိုင်သေးဘဲ ဒီဆိုင်က လက်ဖက်ထမင်း ဘာကွာလဲ သိချင်တာနဲ့ မှာပြီး စားဖြစ်ပါတယ်။ လက်ဖက်ထမင်းကို အဖြူထည်လေး အိမ်မှာသုပ်သလို သုပ်ထားတာ တွေ့ရပါတယ်။ ပုဇွန်ခြောက်များများနဲ့၊ ခရမ်းချဉ်သီးလည်း ပါတဲ့ တစ်ပွဲကို ၁၂၀၀ကျပ် ဖြစ်ပါတယ်။

ဆိုင်အခင်းအကျင်း

ဆိုင်ထဲမှာ ခုံနဲ့ ထိုင်လို့လည်းရသလို ကြမ်းပြင်ပေါ်မှာ လွတ်လပ်ပေါ့ပါးစွာ ထိုင်လို့လည်းရအောင် လုပ်ထားပါတယ်။ ဆိုင်ထဲမှာ အေးအေးဆေးဆေး ဝိုင်းဖွဲ့ပြီး စကားပြောနေကြသူတွေကို တွေ့ရသလို၊ စာဖတ်နေတဲ့ သူတွေ ၊ ဓာတ်ပုံရိုက်နေတဲ့သူတွေကိုလည်း တွေ့ရပါတယ်။ ကျွန်တော်လည်း ဗိုက်လည်းပြည့်ပြီဆိုတော့ စာဖတ်ရင်း ကော်ဖီသောက်ရအောင် Hazel Nut Latte(၂၅၀၀ကျပ်) တစ်ခွက်မှာလိုက်ပါသေးတယ်။

Lattle Hazel
Latte Hazel Cafe(၂၅၀၀ကျပ်)

သတိထားရမယ့်အချက်တွေ

ဒီဆိုင်ကို သွားမယ်ဆိုရင် သတိထားရမယ့်အချက်ကတော့ ဆိုင်ထဲမှာ ဖုန်းလိုင်း သိပ်မမိတာပါပဲ။ ဒါကြောင့် ဖုန်းဆက်မယ်ဆိုရင် အပြင်မှာထွက်ပြောဖို့ လိုပါတယ်။ ဆိုင်က Wifi free ရမယ်ဆိုရင်တော့ တော်တော် အဆင်ပြေမှာပါ။ ဆိုင်က အနည်းငယ်ကျဉ်းတာကြောင့် တခါတလေ လူကျချိန်မျိုးဆိုရင်တော့ နေရာမရှိတာမျိုး ကြုံရနိုင်ပါတယ်။ ဒါကြောင့် စောစောလာတာမျိုး၊ ကြားရက်မှာ လာတာမျိုးကတော့ သေချာပါတယ်။ ဆိုင်ဖွင့်ချိန်က Mon-Fri (10am to 7pm) ၊ Sat,Sun (10am to 9pm) ဖြစ်ပါတယ်။

Eat, Pray, Love, Book,
ဆိုင်မှာ ယူဖတ်လို့ရတဲ့ စာအုပ်

ဒီ ကော်ဖီဆိုင်လေးအကြောင်းကို ခြုံပြီးပြောရမယ်ဆိုရင် တိတ်ဆိတ်တယ်၊ နွေးထွေးတယ်၊ လွတ်လပ်ပေါ့ပါးတယ်။ စာအုပ်အသစ်တွေစုံတယ်။ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်အသစ်တွေလည်း ရှိပါတယ်။ ဈေးနှုန်းအနေနဲ့လည်း အသင့်အတင့်ရှိတယ်။ နောက်ပြီး အရေးကြီးတဲ့အချက်၊ ” ဓာတ်ဖမ်းလို့ကောင်းတဲ့ နေရာတစ်နေရာလည်း ဖြစ်ပါတယ်။ ”

ဒီနေရာရဲ့ လိပ်စာက – စမ်းချောင်း ညောင်တုန်းလမ်းထဲမှာ ဖြစ်ပါတယ်။

စာအုပ်တွေ၊ အပင်တွေနဲ့ ကော်ဖီရှိရာ ကမ္ဘာလေးထဲ လွင့်မျောကြပါစို့

Facebook လိပ်စာက

The Plant House Cafe (www.facebook.com/theplanthouse)

Warmae ကို Facebook မှာ ဖတ်ချင်ရင်

Warmae Facebook – Warmae (www.facebook.com/sarmae.myanmar)

 

warmae.com logoView details of the store in warmae.com

The Plant House Cafe

Address:
No.23, Nyaung Tone Street
Hours:
10:00 - 19:00
Tel:
09421719720

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။