အစားအသောက်ထူးထူးဆန်းဆန်းစားလိုတဲ့သူတွေအတွက် ဟာဝိုင်အီထမင်းသုပ်

ရန်ကုန်မှာ ရွေးချယ်စရာစားသောက်ဆိုင်တွေကတော့ အများကြီးရှိနေပါပြီ။ ဒီတစ်ခါမှာ တခါမှ မစားဖူးသေးတဲ့ အစားအသောက်တစ်ခုအကြောင်း အင်တာနက်ကဖတ်မိရင်း စိတ်ဝင်စားလို့ သွားစားဖြစ်ခဲ့တယ်။

လင့်ခ်လမ်းနဲ့ဓမ္မစေတီလမ်းထောင့်မှာရှိတဲ့ Time Link Shopping Mall က ဖွင့်ထားတာသိပ်မကြာသေးတဲ့ The Poke Bar မှာရောင်းတဲ့ ဟာဝိုင်အီထမင်းသုပ်ပါ။ ကျွန်တော်က ဒီတစ်ခေါက်မှာ ကြက်သားနဲ့ ချဉ်စပ်အရသာကိုရွေးဖြစ်ခဲ့တယ်။ ဟာဝိုင်အီထမင်းသုပ်မှာပါတဲ့ recipes က အသီးအရွက်တွေများပြီး Diet သမားတွေအတွက်သင့်တော်တယ်လို့ ဆိုပါတယ်။ ထမင်းကို White နဲ့ Brown ၂ မျိုးရွေးလို့ရပြီး ကိုယ့်စိတ်ကြိုက်ဖြစ်မယ့် အရသာမျိုးကိုလည်း ရွေးလို့ရပါသေးတယ်။

ဟာဝိုင်အီထမင်းသုပ်
ဟာဝိုင်အီထမင်းသုပ်

ထမင်းသုပ်ဆိုတဲ့အတိုင်း နှံ့အောင်နှယ်ပြီးစားကြည့်မှ မြန်မာပါးစပ်နဲ့ အရမ်းမဝေးမှန်းသဘောပေါက်လိုက်တယ်။ များသောအားဖြင့် နိုင်ငံခြားသားတွေအကြိုက်နဲ့ မြန်မာတွေအကြိုက်အရသာက မတူတတ်လို့ ဒီလောက်အဆင်ပြေမယ်လို့ မထင်ခဲ့မိတာပါ။

စားရတာ မတူညီတဲ့အရသာတစ်ခုကိုရပြီး စားလို့ အဆင်ပြေတဲ့ ဟာဝိုင်အီထမင်းသုပ်လို့ မှတ်ချက်ပေးချင်ပါတယ်။ medium တစ်ပွဲကို ၅၅၀၀ ကျပ်ဖြစ်ပြီး သဘောကျမိတဲ့ဟင်းပွဲတစ်ခုပါ။

နောက်ထပ်သောက်ဖြစ်ခဲ့တဲ့ Honey Lemon ကိုလည်း သဘောကျမိတယ်။ အရသာအရမ်းမချဉ်ပေမယ့် သောက်လိုက်တာနဲ့ လန်းလန်းဆန်းဆန်းဖြစ်သွားတဲ့ ခံစားမှုကိုရရှိစေပါတယ်။ ဆိုင်က ဂျပန်ဆိုင်လေးဖြစ်ပြီး ဆူရှီအစုံလည်းရနိုင်ပါသေးတယ်။ ဒါပေမယ့် ဆူရှီကိုတော့ မ try ဖြစ်ခဲ့ပါဘူး။

ဆိုင်က သန့်ရှင်းသပ်ရပ်ပြီး ယူထားတဲ့ဈေးနှုန်းနဲ့တန်တဲ့ ၀န်ဆောင်မှုကို ပြန်ရတယ်လို့ဆိုနိုင်ပါတယ်။ အားနည်းချက်တစ်ခုကတော့ ဆိုင်နေရာကျဉ်းတာနဲ့ ဆိုင်ထဲမှာ ဖုန်းအင်တာနက်လိုင်းမမိတာတော့ ရှိပါတယ်။ ကျန်တာကတော့ ဖွင့်ထားတာလည်း မကြာသေးတဲ့ဆိုင်အသစ်စက်စက်ဖြစ်တာကြောင့် အသစ်အဆန်းကို မျှော်လင့်တဲ့သူတိုင်းအတွက် သွားသင့်တဲ့နေရာတစ်ခုလို့ ဆိုချင်ပါတယ်။