Swann Inn

လတ်ဆတ်တဲ့ပင်လယ်အစားအစာနဲ့ ၀က်ကောင်လုံးကင်ရတဲ့Swann Inn
ပင်လယ်အစားအစာနဲ့တရုတ်အစားအစာတွေကောင်းကောင်းရတယ်ဆိုပြီး သူငယ်ချင်းကနေမိတ်ဆက်ခဲ့ပါတယ်။

ဆိုင်ရဲ့စာဖိုးမှူးတွေကိုက ထိုင်းကနေခေါ်လာတဲ့ နာမည်ကြီးစာဖိုးမှူးတွေပါတဲ့။ ဆိုင်ကမြောက်ဥက္ကလာမီးပွိုင့်ရောက်ရင် ညာကွေ့ရတဲ့ဗိုလ်မှူးဘထူးလမ်းပေါ်မှာပါ။ ဆိုးတာက မြို့ထဲနဲ့အတော်လေးအလှမ်းဝေးတာလေးပေါ့။
လမ်းပေါ်မှာ ဂျုံဂျုံဂျမ်းဂျမ်းနဲ့ ၁နာရီလောက်မောင်းလာပြီးနောက် သန့်ရှင်းတဲ့ဆိုင်ခန်းနဲ့ လတ်လတ်ဆတ်ဆတ်စားရတဲ့အစားအစာတွေကြောင့် ကားမောင်းရကျိုးတော်တော်နပ်သွားတယ်။ ဆိုင်လေးကHallခန်းပုံစံလေးနဲ့ မီးလင်းလင်းထိန်ထိန်လေးရှိတယ်။ နောက်ပြီးအတွင်းထောင့်လေးမှာလည်း ဘီယာဘားလေးတစ်ခုလုပ်ထားတာ တွေ့ရတယ်။

ကျွန်တော်တို့စားခဲ့တဲ့အစားအစာတွေထဲမှာတော့ ပုဇွန်ဆုပ်ကြော်(၇၅၀၀ကျပ်)လေးက စားလို့အကောင်းဆုံးပဲ ခင်ဗျ။ ပုဇွန်နဲ့ငါးဖယ်ကို ရောကြော်ထားတာ။ အပြင်ပိုင်းလေးကနည်းနည်းကျွပ်တယ်။ အတွင်းပိုင်းကတော့နူးညံ့ပြီး ကိုက်လိုက်တာနဲ့ပါးစပ်ထဲမှာ ပုဇွန်အနံ့မွှေးသွားတယ်။ တချို့ကြိုက်တဲ့လူတွေဆိုရင် ပါဆယ်ထုတ်ပြီး နယ်ကဆွေမျိုးတွေကိုပါ ပို့ပေးလေ့ရှိတယ်လို့ ကြားရတယ်။

ဆိုင်မှာနောက်တစ်ခု နာမည်ကြီးတာကတော့ ၀က်ကောင်လုံးကင်နဲ့ ပီကင်းဘဲကင်ပါတဲ့။ ၀က်ကောင်လုံးကင်ကြီးကတော့ ကျွန်တော်တို့လူစုနည်းတဲ့အတွက် မမှာစားခဲ့ဘူး။ ဒါပေမဲ့ ပီကင်ဘဲကင်ကတော့ ကျွန်တော်တို့မှာလိုက်တဲ့ဟင်းတွေထဲမှာ အတန်ဆုံးပဲခင်ဗျ။ ဘဲတစ်ကောင်လုံးကိုကင်ပြီး သူ့အရေခွံကိုနွာပြီးနောက် ကျန်တဲ့အသားကို ကိုယ်ကြိုက်တဲ့ပုံစံ ဟင်းရည်ပဲဖြစ်ဖြစ်၊ အသားကိုပြန်ကြော်တာပဲဖြစ်ဖြစ် ပြန်လုပ်ခိုင်းလို့ရတယ်ခင်ဗျ။ ဒါကိုမှ၁၂၀၀၀ပဲကျတယ်။

ကက္ကတစ်ငါးနဲ့ပဲငံပြာရည်ပေါင်း (၁၁၀၀၀ကျပ်)- ငါးကတော့ဒီလိုလေးရိုးရိုးလေးပေါင်းပြီး ဆောစ့်နဲ့တို့စားရတာ ကျွန်တော်အကြိုက်ဆုံးချက်နည်းတစ်မျိုးပဲ။ ငါးရဲ့ပင်ကိုအရသာပိုပေါ်ပြီ သူ့အောက်ကပဲငံပြာရည်ချိုချိုလေးနဲ့ တို့စားလို့ကောင်းတယ်။

နောက်ထပ်ဟင်းပွဲတွေကတော့ ဗမာကြက်အရက်စိမ်၊ ပြည်ကြီးငါးအစပ်သုပ်၊ နဲ့ ဘဲကင်ကိုပဲ ပုံစံ ၂ မျိုးနဲ့ပြန်လည်ချက်ပြုတ်ပြင်ဆင်ထားတာတွေပဲဖြစ်ပါတယ်။

ကျွန်တော်ကတော့ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ လွတ်လွတ်လပ်လပ်ကျယ်ကျယ်ဝန်းဝန်းစားသောက်ဖို့အတွက် သင့်တော်တဲ့နေရာလို့ မှတ်ချက်ချချင်ပါတယ် ။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။