ပုဂံရောက်ရင် သွားစားသင့်တဲ့ မြန်မာထမင်းဆိုင်

ဒီအချိန်က ပုဂံသွားလို့အကောင်းဆုံးအချိန်ဆိုလဲမမှားပါဘူး။ ရန်ကုန်မှာမိုးရွာသေးပေမယ့် ပုဂံမှာကတော့ သြဂုတ်လလယ်လောက်ထဲက မိုးသိပ်မရွာတော့ဘူးလေ။

တော်တော်များများလဲသွားနေကြပါပြီ။ ကိုယ်လဲ လဆန်းပိုင်းလောက်ကရောက်လိုက်သေးတယ်။ ၀ါသနာအရ စားသမျှလေးလည်း မှတ်တမ်းတင်လိုက်ရမှ နေသာထိုင်သာရှိတော့ ပုဂံမှာစားခဲ့တဲ့ဆိုင်လေးကို ပြောပြမယ်။

ဆိုင်ကတော့ မြန်မာထမင်းဟင်း ဘူဖေးအ၀စား တစ်ယောက် ၃၅၀၀ ပါ။ ဟင်း ၁၈ မျိုးပါတယ်။ အသားဟင်း ၅မျိုး ၊ အရံဟင်း ၁၃ မျိုး။ ရေသန့်တော့မပါဘူး။ တစ်ဘူး ၄၀၀ ပါ။

ဟင်းတွေအကြောင်းမပြောခင် နေရာလေးကိုအရင်ညွှန်းမယ်နော်။ နေရာက ပုဂံဈေးနဲ့ မျက်စောင်းထိုးပါ။ လမ်းနာမည်တော့မရှိဘူးတဲ့။ ပုဂံကကားဆရာတွေကို ရွှေတိုင်းကျော် မြန်မာထမင်းဆိုင်လို့ မေးလိုက်ရင်သိကြပါတယ်။

နေရာတော်တော်ကျယ်ပြီး သပ်သပ်ရပ်ရပ်ရှိလို့ နိုင်ငံခြားသားမိတ်ဆွေတွေကိုခေါ်သွားမယ်ဆိုရင်တောင် အဆင်ပြေပါတယ်။ ၀င်ဝင်ချင်း ၀င်ပေါက်နားမှာ လက်ဆေးကန်လုပ်ပေးထားတယ်။ သန့်စင်ခန်းတွေလဲ သန့်ရှင်းနေတာပဲ။

ကိုယ်တွေသွားတုန်းက ပုပ္ပါးတောင်ကအပြန်ဝင်တာဆိုတော့ နေ့လည် ၂ နာရီခွဲလောက်ဖြစ်နေပြီ။ ဟိုနာမည်ကြီးဘူဖေးဆိုင်က ၂ နာရီဆိုပိတ်တော့ နေ့လည်စာတော့ တည်းတဲ့ဟိုတယ်ပဲပြန်စားရတော့မယ် ထင်နေတာ။ ဗိုက်ကလဲဆာ ၊ ပင်ပန်းကလဲ ပင်ပန်း၊ သန့်စင်ခန်းကလဲဝင်ချင်နဲ့ တော်တော်လေးကို ညစ်နေတုန်း ကားဆရာကြီးညွှန်းတာနဲ့ ဒီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာပေါ့။

ရောက်တဲ့အချိန်ကနောက်ကျတော့ ဆိုင်ထဲမှာ ကိုယ်တွေ ၃ ယောက်ပဲရှိတယ်။ ဒီအချိန်ရောက်သွားတာတောင် ဟင်းတွေလဲ စုံတယ်။ ထမင်းလဲပူပူလေးပဲဆိုတော့ ဘယ်လိုပြောရမလဲ ဆွဲသည်ပေါ့။

ဟင်းတွေက
၁။ ကြက်သားဆီပြန် ၂။ ၀က်သားဆီပြန် ၃။ ဆိတ်သားဆီပြန် ၄။ ကြက်သားကြော်၅။ ငါးဟင်း ( ငါးဘတ် ) ၆။ ကြက်ဟင်းခါးသီးကြော်    ၇။ ငရုတ်သီးကြော် ၈။ ပြောင်းဖူးကြော် ၉။ ပဲသီးကြော် ၁၀။ အာလူးချက် ၁၁။ ကင်းမွန်သီးနဲ့မျှစ်ကြော် ၁၂။ ငရုတ်ပွနဲ့မျှစ်ကြော်              ၁၃။ ချဉ်ပေါင်ကြော် ၁၄။ ခရမ်းချဉ်သီးချက် ၁၅။ မြင်းခွာရွက်သုပ် ၁၆။ ခရမ်းသီးနှပ် ၁၇။ မန်ကျည်းသီးထောင်းချက် ၁၈။ ချဉ်ပေါင်ဟင်းချို

အရသာပိုင်းကတော့ ဟင်းချက်လက်ရာကောင်းတယ်ပြောရမယ်။ အထူးသဖြင့်ဆိတ်သား ပေါ့။ တော်တော်နူးတယ်။ ဟင်းတွေကဆီနည်းနည်းများတယ်ဆိုပေမယ့် အညာကပဲဆီစစ်ပြီးသားဆိုတော့ သိပ်စဉ်းစားမနေတော့ဘူး ။ အဆီဆမ်း နယ်ဖတ်ပြီး အားရပါးရဆွဲတော့တာပဲ။မြန်မာထမင်းဟင်းက ကောင်းပြီးသားဆိုတော့ ထူးထူးထွေထွေပြောစရာတော့မရှိပါဘူး။ အမည်စုံတော့ စားမြိန်တာအမှန်ပဲ။

စားပြီးသောက်ပြီးတော့ အချိုပွဲအနေနဲ့ ဖရဲသီးနဲ့ မန်ကျည်းတော်ဖီလေးတွေချပေးတယ်။

ဆိုင်တစ်ဆိုင်မှာ နေရတယ်ဆိုတဲ့ခံစားချက်ထပ် ဧည့်ခံကောင်းတဲ့ အမျိုးအိမ်မှာစားနေရသလိုပဲ။ ၀န်ထမ်းတွေကလဲ ဟင်းပန်းကန်ကုန်တာနဲ့ ထပ်ဖြည့်ပေးတယ်။

စားသောက်ဆိုင်တစ်ဆိုင်မှာ အရေးကြီးတဲ့ သန့်စင်ခန်းနဲ့ လက်ဆေးဖို့နေရာတွေပါ

အမျိုးတို့လဲ ပုဂံရောက်ရင် ၀င်ဆွဲခဲ့ပါဦးလို့။

ဆိုင်က ပုဂံမြို့သစ်မှာပါ.. ပုဂံမြို့သစ်ဈေးရဲ့ မျက်စောင်းထိုးမှာပါ.. လောကနန္ဒာဘုရားနဲ့ နီးပါတယ်.. ပုဂံမြို့သစ်ဈေးကို ပို့ခိုင်းလိုက်ရင် အဲ့ဆိုင်လေးကိုရောက်ပါတယ်

 

 

akane
Akane is the cofounder of Warmae.com. She is visual and UX specialist. She has Eagle eye of UX problems. Also she loves foods in Myanmar and Japan.

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။