မြန်မာအစားအသောက်လက်ရာကောင်းတဲ့ စားသောက်ဆိုင်

နိုင်ငံခြားသားတွေတော်တော်များများ အကြိုက်တွေ့ပြီး လာရောက်စားသုံးကြလေ့ရှိတဲ့ ရန်ကုန်မြို့က အထင်ကရ ခရေပင်လမ်းထဲက Trip Advisor ရဲ့ ထိပ်တန်းစားရင်းဝင် Padonmar Restaurant အကြောင်းပြောပြချင်ပါတယ်။

ဟင်းပွဲတွေအားလုံးက ကြိုချက်ပြုတ်ထားတာမျိုးမဟုတ်ပဲ စားသုံးသူမှာတဲ့အခါမှ ချက်တာဖြစ်လို့ ပူပူနွေးနွေးစားလို့ကောင်းပါတယ်။ အရင်ဆုံးစားဖြစ်ခဲ့တဲ့ ငါးကြင်းပေါင်းဟင်းကတော့ နူးညံ့မှုရှိပြီး စားရတာအဆင်ပြေပါတယ်။ တချို့နဲ့ မတည့်တဲ့ ငါးသလောက်ပေါင်းထက် စားရတာပိုပြီးစိတ်ချရပါတယ်။

အရည်ဟင်းအဖြစ်တွဲစားခဲ့ရတဲ့ ကရင်တာလပေါဟင်းကလည်း တကယ့်ကို တိုင်းရင်းသားအစားအစာစစ်စစ်ဖြစ်ပါတယ်။ ငါး၊ ဆန်နှစ်မှုန့်၊ မျှစ်တို့ပါဝင်ပြီး စားနေကျဟင်းတွေနဲ့မတူတဲ့အရသာတစ်ခုကို ရစေပါတယ်။

အဓိကဟင်းနဲ့ တွဲစားဖြစ်ခဲ့တဲ့ ငှက်ပျော်ဖူးသုပ်နဲ့ ပဲစောင်းလျားသီးသုပ်ကလည်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားလို့ကောင်းတဲ့ အသီးအရွက်သုပ်တွေပါ။ သန့်ရှင်းပြီး ဆိုင်ရဲ့ကျယ်ဝန်းမှုက စားသုံးသူတွေအတွက် အဆင်ပြေပါတယ်။

ဆိုင်ရဲ့ ဟင်းပွဲတော်တော်များများက ဈေးများတယ်လို့ဆိုနိုင်ပေမယ့် ပေးရတဲ့ဈေးနဲ့တန်တဲ့ဝန်ဆောင်မှု၊ အရသာကြောင့် စိတ်ကျေနပ်မှုရစေနိုင်မှာပါ။ မြန်မာ menu set တချို့က သေချာတွက်ကြည့်ရင် တခြားဆိုင်တွေနဲ့ ဈေးသိပ်မကွာလှပါဘူး။

ဘီယာသောက်ချင်တယ်ဆိုရင်လည်း ယမကာမျိုးစုံရတဲ့ ဘားကောင်းကောင်းတစ်ခုလည်း ရှိပါတယ်။ နေရာထိုင်ခင်း ကျယ်ဝန်းပြီး မြန်မာ့ရိုးရာအနုပညာတွေနဲ့ အလှဆင်ထားတဲ့ဆိုင်အပြင်အဆင်က နိုင်ငံခြားသားတွေအတော်လေး သဘောကျနှစ်သက်ကြတယ်။

ဆိုင်ရဲ့ ဟင်းပွဲတွေအားလုံးကို နေကြာဆီနဲ့သာချက်ပြုတ်ပြီး အချိုမှုန့်လုံးဝမသုံးဘူးဆိုတာကတော့ စားသုံးသူတွေရဲ့ ကျန်းမာရေးအတွက် အာမခံချက်အပြည့်ရှိပါတယ်။