သက်သတ်လွတ် အိန္ဒိယ၊ နီပေါစားသောက်ဆိုင်

နေ့စဉ်စားသောက်နေဖြစ်တဲ့ အသားဟင်းတွေကြားမှာ ငြီးငွေ့နေလို့ ဒီတစ်ခေါက်မှာ Nepali & Indian Food, Pure Vegetarian ဆိုတဲ့ သက်သတ်လွတ် အိန္ဒိယစားသောက်ဆိုင်ကို ရောက်ဖြစ်ခဲ့တယ်။

ဆိုင်မှာ လူစားများတဲ့ Special Thali set ကိုစားဖြစ်ခဲ့တယ်။ ဒီဟာက အိန္ဒိယအစားအစာအသောက်တွေရဲ့ ပုံစံအတိုင်း အပြင်အဆင်မှာကိုက စားချင်စဖွယ်ဆွဲဆောင်မှုရှိတယ်။ ပဲစုံမဆလာကို အသားတုနဲ့ ပဲစိမ်းမဆလာ၊ ဇီယာအာလူး၊ နို့ခဲမဆလာ၊ ထောပတ်နံပြား၊ ထမင်းဝါမဆလာတို့နဲ့တွဲစားရပြီး အချိုပွဲလည်းပါဝင်ပါတယ်။ အရသာအနေနဲ့ပြောရရင် သက်သတ်လွတ်အစားအသောက်ဖြစ်တာကြောင့် အရမ်းထူးခြားတဲ့ အရသာကြီးတော့ရှိမနေပါဘူး။ ထောပတ်နံပြားရဲ့ အဆိမ့်အရသာနဲ့ ဟင်းအနှစ်တွေရဲ့အရသာကတော့ အိန္ဒိယအစားအသောက်နဲ့ မစိမ်းတဲ့သူတွေဆိုရင် ကြိုက်မယ့်အရသာလို့ မြင်မိပါတယ်။ ဒီဟင်းပွဲမှာ အထူးပြောလိုတာက ပန်းသီး၊ ငှက်ပျောသီးနဲ့ နို့ကိုရောကြိုချက်ထားတဲ့ အချိုပွဲအရသာကိုတော့ အကြိုက်ဆုံးဖြစ်ခဲ့ပါတယ်။ တစ်ပွဲကို ၅၀၀၀ ကျပ်ဖြစ်ပြီး တစ်ယောက်အ၀စားလို့ရတဲ့ သက်သတ်လွတ် ဟင်းပွဲတစ်ခုပါ။

နောက်ထပ် Indian Drink မှာသောက်ဖြစ်ခဲ့တာတဲ့ Mint Lassi ကတော့ အနံ့မွေးမွေးလေးနဲ့ အချဉ်အရသာကဲတာကြောင့် အအီပြေစေပါတယ်။ ဆိုင်က အပေါ်ထပ်၊ အောက်ထပ် ၂ ထပ်ရှိပြီး ဆိုင်ခန်းဖွဲ့စည်းပုံ အနည်းငယ်ကျဉ်းမြောင်းတာကြောင့် ထိုင်ရတာ ကပ်သီးကပ်သပ်တော့ရှိပါတယ်။ နောက်တစ်ခုက ကားပါကင်နေရာက Street parking ပဲဖြစ်တာကြောင့် ကားနဲ့သွားမယ်ဆိုရင်တော့ အဆင်ပြေမယ့်နေရာမှာသာ ရပ်ခဲ့ဖို့တိုက်တွန်းလိုပါတယ်။

အစားအသောက်အသစ်အဆန်းတွေ Try ကြည့်လိုတဲ့သူတွေအတွက် ဒီတစ်ပတ်မှာ Nepali & Indian Food, Pure Vegetarian ဆိုင်လေးအကြောင်းမျှဝေပေးလိုက်ပါတယ်။