ယိုးဒယားအကင်၊ အထောင်းစုံစုံနဲ့ ရှူးရှူးရှဲရှဲကြိုက်သူတွေအတွက်ဆိုင်

ရာသီဥတုက ထုံထိုင်းပြီး ပျင်းစရာကောင်းနေရင်တော့ အစပ်စားလိုက်ပြီး ရှူးရှူးရှဲရှဲဖြစ်သွားရင် ကောင်းသွားမလား။ ဒါဆိုရင်တော့ ရွှေဂုံတိုင်က ဆိုင်လေးတစ်ဆိုင်အကြောင်း ပြောပြချင်ပါတယ်။

ရွှေဂုံတိုင်လမ်းဆုံ မီးပွိုင့်အနီးမှာရှိတဲ့ ဆိုင်နာမည်က နေရာ – ၂ ဖြစ်ပါတယ်။ တော်တော်များများတော့ ဒီဆိုင်အကြောင်းသိပြီးသားဖြစ်ပါလိမ့်မယ်။ အခုရေးတဲ့အကြောင်းက မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ ကျိုင်းတုံအကင်နဲ့ ယိုးဒယားအထောင်းကို အမျိုးစုံလင်စွာနဲ့ရောင်းတဲ့ ဆိုင်လေးတစ်ခုပါ။

ဒီတစ်ခေါက်စားခဲ့တဲ့အထဲမှာ ၀က်နံရိုးချဉ်စပ်ဟင်းရည် ကိုတော့ သဘောအကျမိဆုံးနဲ့ စားလို့အကောင်းဆုံးလို့ သတ်မှတ်ချင်ပါတယ်။ နံရိုးသားနူးပြီး ဟင်းရည်ချဉ်စပ်အရသာက တော်တော်လေးစားကောင်းပါတယ်။ တစ်ပွဲကို ၃၀၀၀ ကျပ်က တန်တယ်လို့ ရဲရဲသတ်မှတ်ချင်တဲ့ ဟင်းပွဲပါ။

နောက်တစ်ခုကတော့ တစ်ခါမှ မစားဖူးတဲ့ ၀က်သားချဉ်ကင်ပါ။ ၀က်သားကိုအလွယ်ဆုံးနည်းနဲ့ပြောရရင် ငါးချဉ်၊ ပုစွန်ချဉ်တို့လိုမျိုးအချဉ်လုပ်ထားပြီး အသားကို ကင်ထားတဲ့ဟင်းပွဲပါ။ အချဉ်ကြိုက်တဲ့သူတွေအတွက်တော့ အချဉ်အရသာကဲတဲ့ အကင်လို့ဆိုချင်ပါတယ်။ တစ်ပွဲကို ၃၀၀၀ ကျပ်ပါ။

ဆိုင်မှာ ကျိုင်းတုံအကင်မျိုးစုံလည်းရနိုင်ပါသေးတယ်။ ကျွန်တော်ကတော့ အမဲသားစားဖြစ်ခဲ့တယ်။ မဆာလာနံ့သင်းသင်းလေးနဲ့စားလို့အရသာမဆိုးပါဘူး။ တစ်ယောက်ထည်းအမြင်အရပြောရရင်တော့ ဒီထက်နည်းနည်းလေး ပိုကျက်အောင်ကင်တာကို စားချင်မိတယ်။