အစားအသောက်အမည်ဆန်းဆန်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ Native Kitchen

ဒီတစ်ခေါက် သုဝဏ္ဏဘက်ကိုရောက်ဖြစ်ရင်း ၀င်စားဖြစ်ခဲ့တဲ့ဆိုင်လေးအကြောင်းကို ပြန်ပြီးဖောက်သည်ချချင်ပါတယ်။ ဆိုင်နာမည်က Native Kitchen ဖြစ်ပြီး ဟင်းပွဲအဆန်းလေးတွေနဲ့မြန်မာအစားအသောက်ဆန်းဆန်းလေးတွေရနိုင်တဲ့ ဆိုင်လေးတစ်ဆိုင်ပါ။ စားဖြစ်ခဲ့တဲ့အစားအသောက်တွေထဲက မှတ်မှတ်ရရဖြစ်ပြီး အထူးတလည်ညွှန်းချင်တဲ့ဟင်းပွဲတွေအကြောင်းကို ဦးစားပေးရေးပါမယ်။

အရင်ဆုံး ဆိတ်အူကြမ်းတောချက်အကြောင်းစပြောရရင် ဟင်းအနှစ်အရသာကောင်းတယ်၊ အနံ့မရှိဘူး၊ အသားနူးတယ် စားကောင်းတဲ့ဟင်းပွဲတစ်ခုလို့ သတ်မှတ်ချင်တယ်။ တစ်ပွဲကို ၆၀၀၀ ကျပ်ပါ။

နောက်ထပ်စားဖြစ်ခဲ့တာက ကြက်လက်ဖက်အစာသွပ်ပါ။ လက်ဖက်အသားကို ကြက်သားထဲအစာသွပ်ထားတဲ့ထူးထူးခြားခြား ဟင်းပွဲလေးတစ်ခုပေါ့။ အရသာအနေနဲ့ ထူးခြားတာမျိုးသိပ်မရှိပဲ ပုံစံအသစ်အဆန်းဖြစ်တာကိုတော့အသိအမှတ်ပြုနိုင်ပါတယ်။ တစ်ပွဲကို ၄၀၀၀ ကျပ်ပါ။

နောက်ထပ် သဘောကျမိတာက အမဲသားလုံးကြော်ပါ။အသားအရသာကောင်းပြီး စားလိုက်တာနဲ့ အရသာကောင်းကောင်းရယ် ကိုက်လိုက်တာနဲ့ မွမွယွယွလေး ဖြစ်သွားပြီး လျှာပေါ်ဝဲသွားတဲ့ feeling လေးကို ရစေလို့ တော်တော် သဘောကျမိပါတယ်။

အရည်သောက်အနေနဲ့တော့ ကိုင်းတောသောက်ဆမ်းဆိုတဲ့ အသားမပါပဲ အရွက်သီးသန့် ဟင်းချိုပွဲလေးကိုချဉ်စပ်အရသာနဲ့ အတော်လေး သဘောကျမိတယ်။ အသီးအရွက်ဦးစားပေးစားချင်တယ် အရသာရှိရှိစားချင်တယ်ဆိုဒီဟင်းပွဲလေးက တော်တော်လေးကောင်းတယ်။ တစ်ပွဲကို ၃၀၀၀ ကျပ်ပါ။ ပင်လယ်စာဟင်းအိုးကတော့ ထူးခြားတဲ့အရသာသိပ်မရှိပဲ တစ်ဦးတည်းအမြင်အရဆိုရင် ကိုင်းတောသောက်ဆမ်းကို ပိုသဘောကျမိတယ်။

ဆိုင်မှာ ရိုးရာအစားအစာဖြစ်တဲ့ ရိုးရာဝက်အူချောင်းလည်းရပြီး အရသာတော်တော်လေးရှိတယ်။ ဘီယာနဲ့တွဲသောက်ခဲ့တာကြောင့် အမြည်းအနေနဲ့ အကင်အစုံလည်း မှာစားဖြစ်ခဲ့တယ်။ ဆိုင်မှာထူးခြားတာက ပုရစ်ခြောက်စပ်ဟင်းပွဲတို့ဘာတို့လည်း ရတယ်ဆိုပေမယ့် ဒီတစ်ခေါက်မှာ မစားဖြစ်ခဲ့ပါဘူး။

ဆိုင်အပြင်အဆင်နဲ့ နေရာထိုင်ခင်းက သပ်ရပ်ပြီး အပေါ်မှာ မိသားစု၊ မိတ်ဆွေတွေနဲ့စားဖို့သီးသန့်အခန်း ၂ ခန်းလည်းရှိပါတယ်။ အခန်းယူချင်တယ်ဆိုရင်တော့ ကြိုပြီး ဖုန်းဆက်ဖို့လိုပါမယ်။ ဆိုင်မှာ ရွေးချယ်စရာအစားအသောက်စုံလင်တယ်။ မှာထားရင် သိပ်အကြာကြီးစောင့်နေစရာမလိုဘူး။ အကင်ကတော့ နည်းနည်းလေး ကြာတယ်။ ဒီဆိုင်လေးက ရန်ကုန်မြို့ရဲ့စားသောက်ဆိုင်ကောင်းကောင်းထဲက တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။