မြန်မာအစားအသောက်စုံလင်တဲ့ စားသောက်ဆိုင်

မြန်မာအကြိုက်၊ မြန်မာအစားအသောက်ပုံစံနဲ့ မြန်မာအစားအစာအစုံကို တစ်နေရာထဲမှာ မြိန်ရေယှက်ရေစားချင်တယ်ဆိုရင်တော့ အခုပြောမယ့်ဆိုင်ကို ရောက်အောင်သွားဖို့ တိုက်တွန်းလိုပါတယ်။ ဆိုင်က ဆိုရှယ်မီဒီယာမှာ လူသိများပြီးသားဖြစ်ပြီး admin ကိုယ်တိုင်လည်း အခုမှရောက်ဖူးလို့ မရောက်သေးတဲ့သူတွေအတွက် မျှဝေပေးလိုပါတယ်။

ဆိုင်ကတော့ သင်္ကန်းကျွန်း၊ သုမင်္ဂလာလမ်းမှာရှိတဲ့ မြို့မေတ္တာဆိုတဲ့ဆိုင်လေးပါ။ မြန်မာအစားအသောက်အတော်လေးစုံလင်ပြီး ပုန်းရည်ကြီးထမင်းနှယ်၊ မြို့မေတ္တာကြက်ကြော်၊ မွန်သနပ်သုတ်တို့ကို ရွေးချယ်စားဖြစ်ခဲ့တယ်။ ပုန်းရည်ကြီးထမင်းနှယ်က အရသာပေါ့ပေါ့နဲ့ အချိုမှုန့်လွတ်တဲ့အရသာမျိုးရှိပါတယ်။ ကြက်ကြော်နဲ့ တွဲစားရတာကလည်း လိုက်ဖက်ပြီး ပဲဟင်းရည်လေးကိုလည်း သဘောကျမိပါတယ်။ တွဲဖက်စာအနေနဲ့ တခါမှမစားဖူးသေးတဲ့ မွန်သနပ်သုတ် ကိုစားခဲ့တယ်။ အရသာချဉ်ချဉ်နဲ့ မုန်လာဥ၊ မုန်လာဥနီတို့ကို နှမ်း၊ ကြက်သွန်ကြော်နိုင်နိုင်ထည့်ပြီး သုပ်ထားတဲ့ ချဉ်ပြုံးပြုံးအရသာနဲ့ စားကောင်းတဲ့မြန်မာ့ရိုးရာအသုတ်လေးပါ။ တစ်ပွဲကို ၃၅၀၀ ကျပ်ပါ။

အချိုပွဲအနေနဲ့ အီဆိမ့်နေတဲ့ ရွှေရင်အေးကိုသောက်ဖြစ်ခဲ့တယ်။ အစားအသောက်စုံလင်ပြီး ညနေပိုင်း ၄ နာရီနောက်ပိုင်းမှာလည်း ၀က်သားတုတ်ထိုးရှိလို့ တစ်နေရာထဲမှာတင် မြန်မာအစားအစာအစုံကို အားပါးတရစားလို့ရမယ့် ဆိုင်လေးပါ။

ဒီဆိုင်ကိုရောက်ရောက်ချင်း စသတိထားမိတာက ဆိုင်အပြင်အဆင်ပုံစံနဲ့ အစားအသောက်ပွဲပြင်ဆင်ပုံလေးတွေကို သေချာဂရုတစိုက်ပြင်ဆင်ထားတာကိုတွေ့ရပါတယ်။ ဆိုင်က ၂ ထပ်ရှိပြီး အပေါ်ထပ်မှာ ညနေဆိုထိုင်လို့ကောင်းပြီး ဓာတ်ပုံရိုက်လို့ကောင်းမယ့် စားပွဲအခင်းအကျင်းလေးတွေလည်းရှိပါတယ်။