ရန်ကုန်မြို့က မြန်မာအစားအသောက်ဆိုင်ကောင်းကောင်းလေးများ

မြန်မာရိုးရာအစားအစာလေးတွေကို ကြိုက်တယ်၊ စားဖို့အတွက်ဘယ်ဆိုင်တွေကောင်းလဲ သိချင်တဲ့သူတွေရှိမလား။ ဒီတစ်ပတ်မှာ Warmae အဖွဲ့သွားခဲ့ပြီးသမျှ ဆိုင်တွေထဲက မြန်မာအစားအသောက်လေးတွေ ရောင်းချပြီး စားလို့ကောင်းတဲ့ဆိုင်လေးတွေအကြောင်းကို တစ်စုတစ်စည်းထဲ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဆိုင်နာမည်က Princess Irrawaddy Breakfast Special ဆိုတဲ့ဆိုင်လေးပါ။ ဒီဆိုင်ကို လမ်းညွှန်ရခြင်းရဲ့ အဓိကအချက်ထဲမှာ ဆိုင်နေရာ သန့်ပြန့်တာ၊ အစားအသောက်တွေကို ကျန်းမာရေးနဲ့အညီချက်ပြုတ်ထားတာတွေက အဓိကပါပါတယ်။ မုန့်မှာရင် အကြာကြီးစောင့်နေစရာမလိုဘူး။ မြန်မာ့ရိုးရာအစားအသောက်တွေအပြင် တခြားစားကောင်းတဲ့ အစားအသောက်တွေလည်း ရနိုင်ပါတယ်။ လဘက်ရည်၊ ကော်ဖီ နဲ့ ဒိန်ချဉ်တွေလည်းရတာကြောင့် ပြီးပြည့်စုံတဲ့ နံနက်စာအတွက်တော့ အဆင်ပြေလောက်ပါတယ်။

ဘောက်ထော်ဘက်က ဈေးနှုန်းသက်သာပြီး အစားအသောက်ကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်အကြောင်းပြောချင်ပါတယ်။ ဆိုင်ကအရမ်းမကြီးပေမယ့် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေးတဲ့ ဆွဲဆောင်မှုရှိတဲ့ ကံ့ကော်ဖြု Food House ပါ။ ဆိုင်မှာ မြန်မာလူမျိုးတွေအစားများလေ့ရှိတဲ့ အစားအသောက်တွေအစုံအလင်ရပြီး ဒီဆိုင်လေးကိုလည်း သဘောကျမိပါတယ်။

မြန်မာမုန့်ကောင်းကောင်းလေးတွေရတဲ့ စားသောက်ဆိုင်တစ်ဆိုင်အကြောင်း ပြောပြချင်ပါတယ်။ ဆိုင်ကတော့ လှိုင်မြို့နယ်၊ ရတနာမွန်လမ်း(ကမာရွတ်ဘူတာရုံလမ်း) က My Myanmar Traditional Food ဆိုတဲ့ဆိုင်ပါ။ ဆိုင်မှာ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ ဆီချက်၊ ကြက်ပေါင်းခေါက်ဆွဲ၊ မြန်မာထမင်းဟင်း၊ တရုတ်အစားအစာအပြင် မြန်မာမုန့်မျိုးစုံရလို့ ထူးခြားတဲ့ဆိုင်လေးလို့ ဆိုနိုင်ပါတယ်။ သာကူကြို၊ ဘိန်းမုန့်၊ မုန့်ပြာရည်ထုပ်၊ ဆီထမင်း၊ ကောင်ညှင်းရွှေကြည်စတဲ့ စားကောင်းတဲ့ မြန်မာမုန့်မျိုးစုံကို တနေကုန်ရောင်းချပေးတယ်လို့ သိရပါတယ်။

မြိတ်အစားအစာကောင်းကောင်းတွေစားနိုင်မယ့် ဒေါ်လှရီ ကတ်ကြေးကိုက်ဆိုင်ကို ဒီတစ်ပတ်ရောက်ဖြစ်ခဲ့တယ်။ အစားအသောက်အရသာကောင်းတယ်ဆိုပြီး နာမည်ကြီးနေတဲ့ အိမ်ဆိုင်လေးဖြစ်တာကြောင့် ပိုစိတ်ဝင်စားမိတယ်။ ဆိုင်မှာ နံနက်ပိုင်းအတွက် မြိတ်မုန့်ဟင်းခါး၊ မုန့်လက်သုတ်၊ မြိတ်ကော်ပြန့်စိမ်းတို့ကို ရောင်းချတယ်လို့ သိရပါတယ်။ သာခွေယိုင်၊ ဒူးရင်းကောက်ညှင်း၊ မုန့်လုံးအုန်းနို့ဆန်းနဲ့ မြိတ်ဒေသအခေါ် မျှော့လို့ခေါ်တဲ့ အချိုပွဲတွေက လူကြိုက်များပြီး စားလို့ကောင်းပါတယ်။ ဒီအချိုပွဲတွေကတော့ စောစောသွားမှရမှာဖြစ်ပြီး ညနေပိုင်းလောက်ဆို မရှိတော့ပါဘူး။ တစ်ပွဲကို ၅၀၀ ကျပ်ဖြစ်ပါတယ်။

ဆိုင်ရဲ့ လူကြိုက်အများဆုံး လူကြီးစကားဝိုင်း အကြောင်းစပြောချင်ပါတယ်။ အပြင်အဆင်ပုံစံက ထူးဆန်းပြီး စားချင့်စဖွယ်ဖြစ်တဲ့ ဟင်းပွဲတစ်ခုပါ။ အရသာအနေနဲ့က ၅ မျိုးပါပြီး လဘက်ထမင်း၊ ပုန်းရည်ကြီးထမင်း၊ ချဉ်ပေါင်ထမင်း၊ ငါးထမင်း၊ ငါးပိချက်ထမင်းဆိုပြီး တစ်ပွဲထဲမှာ အရသာ ၅ မျိုးခံစားနိုင်မယ့် ထူးခြားတဲ့အစားအသောက်တစ်ခုပါ။ ဆိုင်ရဲ့ main dish တွေထဲမှာ မြန်မာကြက်ကြော်၊ ကြက်ကြော်မြန်မာသုပ်၊ လဖက်ထမင်းကြော်တို့လို မြန်မာတွေကြိုက်မယ့် အစားအသောက်ကောင်းလေးတွေလည်းရှိပါတယ်။

ဆိုင်နာမည်က JANA MON ဖြစ်ပြီး မွန်အစားအစာတွေကို အဓိကထားရောင်းချတဲ့ဆိုင်လေးပါ။ ပထမဆုံးစားဖြစ်ခဲ့တာက ဆိုင်မှာလူကြိုက်များတယ်ဆိုတဲ့ Homemade Soup ပါ။ ဆိုင်မှာ တခြားထူးထူးခြားခြားဟင်းပွဲလေးတွေလည်း ရပါတယ်။ အစားအသောက်အသစ်အဆန်းတွေ မြည်းလိုတဲ့သူတိုင်း ဒီလစာထုတ်ရက်မှာသွားဖို့ ရိုးရာအစားအသောက်ဆိုင်လေးအကြောင်း လမ်းညွှန်ပေးလိုက်ပါတယ်။

မြန်မာအကြိုက်၊ မြန်မာအစားအသောက်ပုံစံနဲ့ မြန်မာအစားအစာအစုံကို တစ်နေရာထဲမှာ မြိန်ရေယှက်ရေစားချင်တယ်ဆိုရင်တော့ အခုပြောမယ့်ဆိုင်ကို ရောက်အောင်သွားဖို့ တိုက်တွန်းလိုပါတယ်။ အစားအသောက်စုံလင်ပြီး ညနေပိုင်း ၄ နာရီနောက်ပိုင်းမှာလည်း ၀က်သားတုတ်ထိုးရှိလို့ တစ်နေရာထဲမှာတင် မြန်မာအစားအစာအစုံကို အားပါးတရစားလို့ရမယ့် ဆိုင်လေးပါ။

တစ်ပတ်မှ စနေ၊ တနင်္ဂနွေ (၂) ရက်သာဖွင့်တဲ့ ဘောက်ထော်က 89 Mandalay Mee-Shay ဆိုင်ပါ။ အစားအသောက်တွေကို အချိုမှုန့်လုံးဝမသုံးတာကြောင့် စားရတာပေါ့သယောင်ယောင်ရှိပေမယ့် အရသာကောင်းတယ်။ ၀က်ခေါက်လည်းပါလို့ ပွဲသေးတစ်ပွဲနဲ့တင် ဗိုက်ကတော်တော်လေးဝသွားတယ်။ အရမ်းကြီး ထူးခြားတဲ့အရသာမျိုးတော့မရှိဘူး။ ဒါပေမယ့် မန္တလေးမြီးရှည်စစ်စစ်ကိုမှ စားချင်တဲ့သူတွေအတွက်တော့ ဒီဆိုင်ကို လူကြိုက်များကြတယ်။

ဆိုင်ရဲ့ အပြင်အဆင်ပုံစံလေးက နှစ်လိုဖွယ်ရာရှိပြီး ရောင်းချနေတဲ့ အစားအသောက်တွေက စားချင်စဖွယ်ပါ။ ဆိုင်ထဲမှာ ခင်းကျင်းထားတဲ့ အသုပ်စုံပစ္စည်းတွေက စားချင်စဖွယ်ဖြစ်လို့ အစုံသုပ်တစ်ပွဲအရင်ဆုံးမှာစားဖြစ်ခဲ့တယ်။ အေးအေးဆေးဆေးနဲ့ သန့်သန့်ရှင်းရှင်းမြန်မာအစားအစာတွေစားချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးက သင့်တော်ပါတယ်။