မြန်မာ့ရိုးရာမုန့်မျိုးစုံရောင်းတဲ့ စားသောက်ဆိုင်

မြန်မာနိုင်ငံမှာနေပြီး မြန်မာမုန့်မစားဖြစ်ကြတဲ့သူတွေအတွက် မြန်မာမုန့်ကောင်းကောင်းလေးတွေရတဲ့ စားသောက်ဆိုင်တစ်ဆိုင်အကြောင်း ပြောပြချင်ပါတယ်။ ဆိုင်ကတော့ လှိုင်မြို့နယ်၊ ရတနာမွန်လမ်း(ကမာရွတ်ဘူတာရုံလမ်း) က My Myanmar Traditional Food ဆိုတဲ့ဆိုင်ပါ။

ဆိုင်မှာ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ ဆီချက်၊ ကြက်ပေါင်းခေါက်ဆွဲ၊ မြန်မာထမင်းဟင်း၊ တရုတ်အစားအစာအပြင် မြန်မာမုန့်မျိုးစုံရလို့ ထူးခြားတဲ့ဆိုင်လေးလို့ ဆိုနိုင်ပါတယ်။ သာကူကြို၊ ဘိန်းမုန့်၊ မုန့်ပြာရည်ထုပ်၊ ဆီထမင်း၊ ကောင်ညှင်းရွှေကြည်စတဲ့ စားကောင်းတဲ့ မြန်မာမုန့်မျိုးစုံကို တနေကုန်ရောင်းချပေးတယ်လို့ သိရပါတယ်။

ဒီတစ်ခေါက်တော့ အများကြီး မစားဖြစ်ခဲ့ပဲ မုန့်ဖတ်သုပ်နဲ့ မုန့်ကြာစေ့ကို ဆိုင်မှာ စားဖြစ်ခဲ့ပြီး မုန့်ဗိန်းတောင့်ကိုတော့ ပါဆယ်ပြန်ထုပ်ခဲ့တယ်။ မုန့်ကြာစေ့တစ်ပွဲကို ၁၀၀၀ ဖြစ်ပြီး အချိုအရမ်းမကြိုက်တဲ့သူဆို ၂ ယောက်လောက်စားလို့ရပါတယ်။ မုန့်ဗိန်းတောင့်ကတော့ အရသာကောင်းပြီး မုန့်အသားနူးညံ့ပြီး စားလို့တော်တော်လေးကောင်းပါတယ်။

ဆိုင်နေရာကျယ်ဝန်းပြီး စားသုံးသူတွေအတွက် သက်တောင့်သက်သာရှိတဲ့ဆိုင်ပါ။ ဆိုင်မှာ နောက်ထပ်နာမည်ကြီးတဲ့ ဒေါင်းလန်းကိုတော့ နောက်တစ်ခေါက်မှာ ထပ်ပြီးသွားစားကြည့်ဖို့တော့ ဆုံးဖြတ်ထားပါတယ်။