မြန်မာအစားအသောက်ကောင်းကောင်းလေးတွေရတဲ့ မီးဖိုချောင်

ဒီတစ်ခေါက်ပိတ်ရက်မှာ မြန်မာအစားအသောက်ကောင်းကောင်းလေးတွေ ရောင်းချတဲ့ ဆိုင်တစ်ဆိုင်ကိုရောက်ဖြစ်ခဲ့တယ်။ ရတနာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်က ဒို့အကြိုက် ဆိုတဲ့ဆိုင်လေးပါ။

ဆိုင်ရဲ့ အပြင်အဆင်ပုံစံလေးက နှစ်လိုဖွယ်ရာရှိပြီး ရောင်းချနေတဲ့ အစားအသောက်တွေက စားချင်စဖွယ်ပါ။ ဆိုင်ထဲမှာ ခင်းကျင်းထားတဲ့ အသုပ်စုံပစ္စည်းတွေက စားချင်စဖွယ်ဖြစ်လို့ အစုံသုပ်တစ်ပွဲအရင်ဆုံးမှာစားဖြစ်ခဲ့တယ်။

ပါဝင်တဲ့အသီးအရွက်စုံလင်ပြီး စားရတာအဆင်ပြေပါတယ်။ အသုပ်မှာ ငရုပ်ဆီလိုအရာမျိုးမပါဝင်ပဲ သဘာဝအချဉ်ကိုသုံးထားပြီး အချိုမှုန့်အရသာမပါဝင်တာကြောင့် စားကောင်းတယ်လို့ဆိုရပါမယ်။ အသုပ်တစ်ပွဲကို ၁၅၀၀ ကျပ်ဖြစ်ပြီး admin ကတော့ သဘောကျပြီး စားပျော်တယ်လို့ သတ်မှတ်ချင်ပါတယ်။

နောက်ထပ် စားဖြစ်ခဲ့တဲ့ ကြက်သောက်ဆမ်းချဉ်စပ်ကိုလည်း သူ့အရသာနဲ့သူရှိပါတယ်။ ဒါပေမယ့် စားဖူးနေကျ ကြက်သောက်ဆမ်းအရသာနဲ့တော့ မတူဘူးလို့ ခံစားရတယ်။ နောက်တစ်ခုက တစ်ပွဲ ၆၀၀၀ ကျပ် ယူထားတာကြောင့် ဒီထက်ထူးခြားတဲ့ အရသာတစ်ခုခုကို ရလိမ့်မယ်လို့ မျှော်လင့်မိခဲ့တယ်။ အပွင့်လင်းဆုံးပြောရမယ်ဆိုရင်တော့ ရလိုက်တဲ့အရသာနဲ့ ဈေးနှုန်းအချိုးမညီတဲ့ ကြက်သောက်ဆမ်းလို့ သတ်မှတ်ချင်ပါတယ်။

ဆိုင်အပြင်အဆင်နဲ့ ၀န်ထမ်းတွေရဲ့ ၀န်ဆောင်မှုကတော့ အမှတ်ပေးရမှာဖြစ်ပြီး အဆင်ပြေပါတယ်။ အေးအေးဆေးဆေးနဲ့ သန့်သန့်ရှင်းရှင်းမြန်မာအစားအစာတွေစားချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးက သင့်တော်ပါတယ်။