ကြေးအိုးကြိုက်သူများအတွက် ဆိုင်အသစ်လေးတစ်ဆိုင်

ဒီတစ်ခေါက်မှာ မြန်မာတွေရဲ့အကြိုက်အစားအစာထဲက ကြေးအိုးအကြောင်းပြောချင်ပါတယ်။ ဒီတစ်ခေါက်ပြောချင်တဲ့ဆိုင်လေးက ဟုမ်းလမ်း (ပန်းလှိုင်လမ်း) ထဲက ဖွင့်ထားတာ သိပ်မကြာသေးတဲ့ ကြေးအိုးဆိုင်လေးအကြောင်းပါ။

ဆိုင်မှာ ကြေးအိုးအနေနဲ့ မာလာကြေးအိုး၊ တုန်ယမ်းကြေးအိုး၊ ချဉ်စပ်ကြေးအိုး၊ ပင်လယ်စာကြေးအိုးနဲ့ ရိုးရိုးကြေးအိုးဆိုပြီး အမျိုးစားစုံလင်အောင်ရပါတယ်။ အထူးပြောချင်တာက ဈေးနှုန်းက အတော်လေးသက်သာပြီး ဆိုင်ရဲ့ အစားအစာတော်တော်များများက လူတိုင်းလက်လှမ်းမီနိုင်တဲ့ဈေးလို့ပြောလို့ရပါတယ်။

ဒီတစ်ခေါက်စားဖြစ်တဲ့ တုန်ယမ်းကြေးအိုးအကြောင်းစပြောရရင် အရသာချဉ်ချဉ်စပ်စပ်လေးနဲ့ စားလို့ကောင်းပါတယ်။ အရွက်နဲ့အသားတော့ နည်းတယ်လို့ ခံစားရပြီး အရသာတော့ စားလို့အဆင်ပြေပါတယ်။ တစ်ပွဲကို ၂၅၀၀ ဆိုတော့ ဈေးလေးလည်း မဆိုးဘူးလို့ဆိုရမယ့် ကြေးအိုးပါ။

နောက်တစ်ခုက ကြက်သားသုပ် တစ်ပွဲကို ၁၅၀၀ ကျပ်ဖြစ်ပါတယ်။ အရသာသင့်ပြီး တော်ယုံဇီဇာမကြောင်တဲ့သူတွေအတွက် စားလို့အဆင်ပြေမယ့် ဈေးနဲ့ အရသာရှိတယ်လို့ဆိုရပါမယ်။

ဆိုင်က ဖွင့်ထားတာ မကြာသေးဘူးလို့သိရပါတယ်။ အပြင်အဆင်သပ်သပ်ရပ်ရပ်နဲ့ လူမများပဲ အစားအသောက်ကောင်းကောင်းလေးတွေ စားချင်တယ်ဆိုရင်၊ လကုန်ရက် နည်းနည်းနဲ့ ကျဲကျဲဝိုင်းမယ့် ဈေးတန်တန်ဆိုင်ကို ရှာနေတဲ့ မိတ်ဆွေတွေအတွက် ဒီဆိုင်လေးကို လမ်းညွှန်ပေးလိုက်ပါတယ်။