ရွှေတိဂုံစေတီဖူးရင်းအပြန် နံနက်စာကောင်းကောင်းစားလို့ရမယ့်ဆိုင်

မနက်စောစော ရွှေတိဂုံစေတီတော်ဖူးရင်းအပြန်မှာ Culture Valley ထဲမှာရှိတဲ့ Morning Star ဆိုင်ကိုရောက်ဖြစ်ခဲ့တယ်။ ဒီနာမည်နဲ့ဆိုင်က ဖွင့်ထားတာတော်တော်ကြာပြီဖြစ်သလို လူသိလည်းများတဲ့အတွက် အထွေအထူးတော့ ရေးနေစရာမလိုတော့ပါဘူး။

မီနူးမှာ တွေ့တဲ့ငှက်ပျောသီးပလာတာကို စိတ်ဝင်စားမိလို့ မှာစားခဲ့တယ်။ အရသာကတော့ အရမ်းထူးခြားတာမျိုး မရှိပါဘူး။ ဒါပေမယ့် ငှက်ပျောသီးကြိုက်တတ်တဲ့ ကျွန်တော့်အဖို့တော့ နံနက်စာအတွက်တော်တော် အဆင်ပြေတယ်။ တော်ယုံအစားများတဲ့သူအဖို့တောင် ဗိုက်ဝတယ်။ ငှက်ပျောသီးဆိုတာက ခန္ဓာကိုယ်အာဟာရအတွက် တကယ့်ကို အထောက်အကူပြုပေးနိုင်တဲ့ အသီးအနှံတစ်မျိုးပါ။  ငှက်ပျောပလာတာတစ်ပွဲကို ၁၂၀၀ ကျပ်ပါ။

Coffee ခါးခါးကို အရသာခံသောက်ချင်လို့ Morning Star Coffee ကိုလည်း မဖြစ်မနေသောက်ခဲ့တယ်။ တခြားအစားတွေအနေနဲ့ကတော့ ကြက်ပေါင်းခေါက်ဆွဲ၊ ကော်ရည်ခေါက်ဆွဲ၊ စမူဆာသုပ်တို့လို ဗိုက်ဝအောင်စားလို့ရမယ့် နံနက်ခင်းစာတွေလည်း အစုံအလင်ရပါတယ်။ ဆိုင်က နေရာအနေအထားကျယ်ဝန်းပြီး ကားပါကင်လည်းနေရာကျယ်ပါတယ်။ ရွှေတိဂုံစေတီအနောက်ဘက်မုဒ်က Culture Valley ရဲ့ ၀န်းထဲမှာရှိပါတယ်။