Beer Buffet နဲ့ Lady’s Night Free Flow Wine အစီစဉ်တွေရှိတဲ့ ၀ိုင်မျိုးပေါင်း ၉၀ ကျော်သောက်လို့ရမယ့် ၀ိုင်ဘား

ဒီတစ်ပတ်မှာ ထူးထူးခြားခြား ၀ိုင်အမျိုးအစားပေါင်း ၉၀ ကျော်ရှိပြီး ထူးခြားတဲ့အစီစဉ်တွေရှိတဲ့ ဘားတစ်ခုအကြောင်းကို ဖောက်သည်ချချင်ပါတယ်။ ကုန်သည်လမ်း ပန်းဆိုးတန်းမှတ်တိုင်နားက Marco’s Cellar ဆိုတဲ့ ဘားပါ။

ဆိုင်အပြင်ဆင်နဲ့ ပုံစံလေးကြောင့် သွားချင်ခဲ့တာကြာပြီဖြစ်ပြီး ဒီတစ်ခေါက်မှ ဆိုက်ဆိုက်မြိုက်မြိုက် ၀င်ဖြစ်ခဲ့တဲ့ ချစ်စရာကောင်းတဲ့ဘားလေးတစ်ခုပါ။ ၀ိုင်ကြိုက်တတ်တဲ့သူ ၀ိုင်သောက်တတ်တဲ့သူဆိုရင်တော့ ဒီဆိုင်က မဖြစ်မနေသွားသင့်တဲ့ဆိုင်လို့ ဆိုချင်ပါတယ်။

သတင်းကောင်းအနေနဲ့ အပတ်စဉ် အင်္ဂါနေ့တိုင်း ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ Lady’s Night Free Flow Wine အစီအစဉ်ရှိလို့ ၀ိုင်ကြိုက်တတ်တဲ့ မမတွေအတွက်တော့ အရမ်းမိုက်တဲ့နေရာလေးတစ်ခုပါပဲ။ ၀ိုင်မသောက်ပဲ တခြား Drink ကိုပဲသောက်မယ်ဆိုတဲ့သူတွေအတွက်လည်း သတင်းကောင်းတစ်ခုက ရှိလို့နေပါသေးတယ်။ ဒါကတော့ ကြာသပတေးနေ့ကနေ တနင်္ဂနွေနေ့အထိရှိတဲ့ Marco’s Cellar ရဲ့ Beer Buffet ပဲဖြစ်ပါတယ်။ Beer Buffet ဈေးနှုန်းက တစ်ယောက်ကို ၁၀၀၀၀ ကျပ်ဖြစ်ပြီး အချိန် ၃ နာရီအတွင်း အကြိုက်သောက်၊ အမုန်းသောက်လို့ရပါတယ်။

ဆိုင်အပြင်အဆင်ပုံစံက ချစ်စရာကောင်းပြီး ၀င်ဝင်ချင်းမှာ ဆိုင်ခေါင်မိုးထိရှိတဲ့ စင်အမြင့်ကြီးမှာ နိုင်ငံတကာဝိုင်အမျိုးအစားအစုံကို စီတန်းပြီးခင်းကျင်းထားပါတယ်။ ဒီတစ်ခေါက်ရောက်ဖြစ်တဲ့အချိန်က နေ့လည်ခင်းဖြစ်တာကြောင့် Lunch Menu က Marco’s Cellar Beef Special ကိုရွေးစားဖြစ်ခဲ့တယ်။ အရသာက မြန်မာတွေအကြိုက်လက်ခံလို့ရတဲ့အရသာရှိပြီး တစ်ပွဲကို ၅၀၀၀ ကျပ်ဖြစ်ပါတယ်။