ရန်ကုန်မှာစားလို့ရမယ့် အညာဒေသအစားအစာ ခိုတောင်မုန့်တီ

ဒီတစ်ပတ်မှာ မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်တဲ့ ခိုတောင်မုန့်တီအကြောင်းနဲ့ ရန်ကုန်က ခိုတောင်မုန့်ဆီကောင်းကောင်းရတဲ့ ဆိုင်လေးတစ်ဆိုင်အကြောင်းဖော်ပြပေးသွားပါမယ်။

ခိုတောင်မုန့်တီဖြစ်ပေါ်လာပုံကတော့ မန္တလေးမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်းက စစ်ကိုင်း မင်းကွန်းကားလမ်းပေါ်မှာရှိတဲ့ ခိုတောင်ရွာကိုအစွဲပြု၍ ခေါ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ခိုတောင်ရွာမှာရှိတဲ့ ကျေးရွာသူတွေက မန္တလေးမြို့ပေါ် မုန့်တီတက်ရောင်းရာမှ ခိုတောင်မုန့်တီရယ်လို့ လူသိများလာခြင်းဖြစ်ပါတယ်။

 မြန်မာ့ရိုးရာအစားအစာ ခိုတောင်မုန့်တီသုပ်
မြန်မာ့ရိုးရာအစားအစာ ခိုတောင်မုန့်တီသုပ်

ခိုတောင်မုန့်တီကို ရန်ကုန်မှာ သန့်သန့်ရှင်းရှင်းနဲ့ အရသာကောင်းကောင်းစားလို့ရမယ့်နေရာကတော့ KCK Food Network မန္တလေးနံနက်စာ နှင့် တရုတ်ဟင်းလျာမျိုးစုံ ဆိုင်ပါ။ ဒီဆိုင်မှာရတဲ့ ခိုတောင်မုန့်တီက ပဲမှုန့်စစ်စစ်ရဲ့ အရသာကြောင့် ဆိမ့်တယ်။ ဆီအရမ်းမများသလို အချိုမှုန့်အရသာလည်းမပါဘူး။ အသုပ်ကို အချဉ်ကဲကဲလေးစားချင်တယ်ဆိုရင် သံပရာခြမ်းလေးနဲ့ တွဲစားလို့ရတယ်။

အညာဓလေ့ ပဲပင်ပေါက် မုန်လာချဉ်
အညာဓလေ့ ပဲပင်ပေါက် မုန်လာချဉ်

အချဉ်ကိုတော့ အညာဓလေ့ ပဲပင်ပေါက် မုန်လာချဉ်ချပေးတယ်။ အရည်သောက်ဟင်းချိုကလည်း အရမ်းလေးတဲ့အရသာမဟုတ်လို့ စားရတာအဆင်ပြေတယ်။ ခိုတောင်မုန့်တီသုပ်တစ်ပွဲကို (၁၀၀၀ ) ကျပ်ပါ။

မုန့်တီစားပြီး သောက်ခဲ့တဲ့ ကော်ဖီလေးကိုလည်း အတော်သဘောကျတယ်။ ကော်ဖီကို အထူးပြုရောင်းတဲ့ဆိုင် မဟုတ်ပေမယ့် ကော်ဖီကောင်းကောင်းလေးရနိုင်တာမို့ နံနက်စာကောင်းကောင်းအတွက် ပြီးပြည့်စုံစေတယ်။ ဒီဆိုင်မှာ မန္တလေးနန်းကြီး၊ နန်းလတ်၊ နန်းပြား၊ မန္တလေးမြီးရှည်တို့အပြင် ငါးရံ့ဆန်ပြုတ်၊ ဆန်ပြုတ် (ကြက်၊၀က်) တို့ပါရပါတယ်။ ဗိုက်ဝသွားတဲ့အတွက် ဒီဆိုင်က မင်္ဂလာရွှေပု မုန့်ဟင်းခါးတော့ မစားဖြစ်ခဲ့လိုက်ပါဘူး။ ဘယ်လိုအရသာရှိတယ်ဆိုတာကို စားဖူးတဲ့သူတွေရှိရင် ပြန်မျှဝေပေးပါဦးနော် ….