ဘီယာသောက်ရင်း ဘိလိယက်ထိုးလို့ရမယ့် Pub

အမြည်းကောင်းကောင်းလေးတွေနဲ့ ဘီယာသောက်မယ်၊ ဘော်ဒါတွေနဲ့ဘိလိယက်ထိုးပြီး အေးဆေးအနားယူချင်တယ်ဆိုရင်တော့ ရွှေဂုံတိုင်လမ်းမကြီး (ဗိုလ်စိန်မှန်လမ်းထိပ်) မှာရှိတဲ့ New Jockey Pub & Restaurant ကိုသွားဖို့ လမ်းညွှန်ချင်ပါတယ်။

ဆိုင်လေးက သေးတယ်ဆိုပေမယ့် ထိုင်နေကျဆိုင်တွေနဲ့မတူပဲ ထူးထူးခြားခြားပုံစံလေးနဲ့ တစ်မျိုးဆွဲဆောင်မှုရှိပါတယ်။ ဆိုင်မှာ ရတဲ့အမြည်းဆန်းဆန်းလေးတွေအကြောင်းလည်း ဖောက်သည်ချချင်ပါတယ်။

ချဉ်စော်ခါးသီးမြေအိုး
ချဉ်စော်ခါးသီးမြေအိုး

အရင်ဆုံး ချဉ်စော်ခါးသီးမြေအိုးက ချဉ်စပ်အရသာလေးနဲ့ ပင်စိမ်းအုပ်ထားပြီး အမဲ၊ ဆိတ်၊ ကြက်၊ ၀က် နှစ်သက်ရာအသားနဲ့မှာယူလို့ရပါတယ်။ အချဉ်သိပ်မကြိုက်ရင် လိုသလို လျှော့ခိုင်းလို့ရပါတယ်။ ဘီယာနဲ့လိုက်တယ်လို့ပြောရမှာဖြစ်ပြီး တစ်ပွဲကို ၅၀၀၀ ရောင်းပါတယ်။

Jockey ထမင်းကြော်
Jockey ထမင်းကြော်

နောက်ထပ် ထူးထူးဆန်းဆန်းအမြည်းတစ်ခုက ကိုယ်တိုင် ဖော်စပ်ထားတဲ့ ခရမ်းချဉ်သီးအနှစ်နဲ့ Jockey ထမင်းကြော်ပါ။ ဒီဟင်းအနှစ်မျိုးကို ဂျပန်လူမျိုးတော်တော်များများက သဘောကျပြီး ရန်ကုန်တစ်မြို့လုံးမှာ ဒီလိုအရသာမျိုး ဒီတစ်ဆိုင်ပဲရနိုင်ပါတယ်လို့ပြောပါတယ်။ ငရုတ်သီးအနည်းငယ်ပါပြီး အရသာက အစပ်ဖက်ကို နည်းနည်းလေးကဲထားတာကြောင့် ပူပူနွေးနွေးအချိန်မှာ စားရင် တကယ်မိုက်ပါတယ်။ တစ်ပွဲကို ၃၅၀၀ ဆိုတော့ try ကြည့်သင့်တယ်လို့ဆိုချင်ပါတယ်။

ချဉ်စပ်ဟင်း
ချဉ်စပ်ဟင်း

ချဉ်စပ်ဟင်းနဲ့ ကြက်တုံးငပိကြော် ကလည်း ဘီယာနဲ့တွဲပြီး မြည်းလို့ကောင်းပါတယ်။ အမြည်းတော်တော်များများက တခြားဆိုင်တွေနဲ့ချက်ပြုတ်တဲ့ပုံစံမတူပဲ စားလို့ကောင်း ပါတယ်။ မိန်းကလေးတွေအများစုကြိုက်တဲ့ ချဉ်စပ်အရသာမျိုး အစုံရှိပါတယ်။

ကြက်တုံးငပိကြော်
ကြက်တုံးငပိကြော်

အသောက်အတွက်ကတော့ ဘီယာ (၂) မျိုးရှိပါတယ်။ ၀ီစကီလိုင်းမှာကတော့ အမျိုးအစားတော်တော်လေးစုံလင်ပြီး နိုင်ငံတကာတံဆိပ်တွေစုံစုံလင်လင်ကို လိုသလောက် မှာသောက်လို့ရပါတယ်။ ဆိုင်မှာရှိတဲ့ ဘိလိယက်ခုံက charges ထပ်ပေးစရာမလိုပါဘူး။ လူစုံတယ်၊ ၀ါသနာပါတယ်ဆိုရင် ထိုးလို့ရပါတယ်။ ဘီယာလေးသောက်ရင်း၊ ဘိလိယက်လည်းထိုးမယ်၊ ဘောလုံးပွဲရှိတဲ့ညဆိုလည်းကြည့်လို့ရမယ်။ ပုံစံအသစ်ကို လိုချင်နေတဲ့ ဘော်ဒါတွေအတွက်တော့ ဒီဆိုင်လေးက လုံးဝကွက်တိပဲ။