စည်းလုံးညီညွှတ်မှုသာမရှိလျှင် ထမနဲတောင်ကောင်းမည်မဟုတ်

ဆယ့်နှစ်လရာသီ ပွဲတော်များအနက် တစ်ပွဲအပါအဝင်ဖြစ်တဲ့ ထမနဲပွဲတော်ကို တပို့တွဲလဆန်းမှစပြီး လပြည့်နေ့အထိ မြန်မာနိုင်ငံအနှံ့အပြား မြို့နယ်ပေါင်းစုံ၊ ကျေးရွာပေါင်းစုံတွင် ကျင်းပကြလေ့ရှိပါတယ်။

ထမနဲကောင်းကောင်းရဖို့အတွက် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ လုပ်လို့မရပါဘူး။ ထိုးသားတွေအားလုံးတက်ညီလက်ညီနဲ့ အားသွန်ခွန်စိုက် အတိုင်အဖောက်ညီညီထိုးမှ ထမနဲကောင်းကောင်းဖြစ်တာကြောင့် လူကြီးသူမတွေက ထမနဲကို စည်းလုံးညီညွှတ်မှုရဲ့ သင်္ကေတလို့လည်း ဆိုကြပါတယ်။ ပါဝင်ပစ္စည်းတွေရဲ့ အရည်အသွေးဘယ်လောက်ကောင်းကောင်း ပြုလုပ်သူတွေရဲ့ ညီညွှတ်မှု၊ စည်းလုံးမှုသာမရှိရင် ရလဒ်ကောင်းမှာမဟုတ်ပါဘူး။

ဒါတင်မကသေးပါဘူး ဘယ်အချိန်မှာ နှဲရမယ် ဆိုတဲ့အဖွဲ့ခေါင်းဆောင်ရဲ့ အချိန်အခါကောင်းရွေးချယ်တတ်မှုကလည်း လိုအပ်ပါသေးတယ်။ ကျွမ်းကျင်လိမ်မာမှုရှိပြီး အတွေ့အကြုံရှိတဲ့ ထမနဲအိုးသူကြီးရဲ့ ညွှန်ကြားမှုအောက်မှာ အဖွဲ့သားအားလုံးက ဟန်ချက်ညီညီလိုက်ပါနိုင်ပြီဆိုရင် ရေရှည်အထားခံတဲ့ ထမနဲကောင်းကိုရနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ခနလေးနဲ့ အရသာပျက်သွားနိုင်တဲ့ စားလို့မကောင်းတဲ့ ပေါပေါပဲပဲ ထမနဲတစ်ခုပဲဖြစ်လာမှာပါ။

ကောက်ညှင်း၊ ဆီ၊ နှမ်းလှော်၊ မြေပဲဆံ၊ အုန်းသီး စတဲ့ပါဝင်ပစ္စည်းတွေအားလုံးနဲ့ အချိုးကျပေါင်းစပ်ပြုလုပ်ရတဲ့ ထမနဲကတော့ မြန်မာ့ရိုးရာစစ်စစ်အစားအစာတစ်ခုပါ။ ထမနဲထိုးတော့မယ်ဆိုရင် ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက်၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့ အလိုက်၊ မိသားစုအလိုက် စုပေါင်းစွမ်းအားနဲ့ ပြုလုပ်လေ့ရှိတဲ့သဘာဝရှိပါတယ်။ စတုဒိသာ လေးမျက်နှာက မိတ်ဆွေသင်္ဂဟများကို ကျွေးမွေးပြုစုကြတာမို့ ချစ်စရာကောင်းလှတဲ့ မြန်မာ့ရိုးရာဓလေ့တစ်ခုပါ။

စည်းလုံးညီညွှတ်မှုသာမရှိရင် ထမနဲတောင် ကောင်းကောင်းရမှာမဟုတ်ပါဘူး။ ဒါဟာ မြန်မာ့ရိုးရာ ထမနဲကပေးတဲ့ ချစ်စရာအရသာနဲ့ သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်။