ထမင်းနှယ်၊ ထမင်းသုပ် ကောင်းတယ်လို့နာမည်ကြီးနေတဲ့ ဒီကိုလာ

လတ်တလောမှာ မြန်မာထမင်းနှယ်၊ ထမင်းသုပ်ကိုမှ အရသာဆန်းဆန်းနဲ့ အသစ်မြည်းစမ်း စားလိုတဲ့သူတွေအတွက် ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဆိုင်နာမည်က ခပ်ဆန်းဆန်းရယ် ” ဒီကိုလာ” တဲ့။ ဘုန်းကြီးလမ်း၊ စံပြရုပ်ရှင်ရုံနားက ဖွင့်ထားတာ သိပ်မကြာသေးတဲ့ ဆိုင်လေးပါ။

ချဉ်ငံစပ် ချဉ်ပေါင်ကြော် ထမင်းနှယ်
ချဉ်ငံစပ် ချဉ်ပေါင်ကြော် ထမင်းနှယ်

ဒီတစ်ခေါက်တော့ ဆိုင်မှာ လူစားများတယ်ဆိုတဲ့ ချဉ်ငံစပ် ချဉ်ပေါင်ကြော် ထမင်းနှယ်ကို ရွေးစားဖြစ်ခဲ့တယ်။ အသားကိုတော့ ၀က်နံရိုးကြော်ကို ရွေးလိုက်တယ်။ ထမင်းနှယ်ရဲ့အရသာကို စပြောရရင် ကျွန်တော်အစပ်မစားချင်တာကြောင့် လျှော့ဖို့ပြောလိုက်တာမှားသွားတယ်လို့ဆိုရမယ်။ ဒီထမင်းနှယ်ရဲ့အရသာက နာမည်နဲ့လိုက်အောင် ချဉ်ချဉ် စပ်စပ်လေးစားမှ တကယ့်ကို ခံတွင်းတွေ့မယ့်သဘောပါ။

အစပ်၊ အချဉ်လျှော့ခိုင်းလိုက်တာကြောင့် အနည်းငယ် ပေါ့သယောင်ယောင်ဖြစ်ပေမယ့် အချိုမှုန့်အရသာမပါဘူး၊ ဆီအများကြီးမပါဘူး။ အဲ့နှစ်ချက်နဲ့တင် စားလို့အဆင်ပြေပါတယ်။ ထမင်းနှယ်နဲ့တွဲစားတဲ့ ၀က်နံရိုးကြော်အရသာကတော့ စားရတာအဆင်ပြေတယ်။ တစ်ပွဲကို ၃၈၀၀ ကျပ်ပါ။

ကော်ဖီကိုတော့ Espresso ပဲသောက်ဖြစ်ခဲ့တယ်။ ကော်ဖီအရသာမဆိုးဘူး။ ဒီဆိုင်မှာ အစားအသောက်ကောင်းကောင်းလေးတွေအပြင် ကော်ဖီလက်ရာပါကောင်းလို့ ကော်ဖီကြိုက်တဲ့သူတွေအတွက်လည်း အဆင်ပြေတယ်။ နောက်ထပ် ဆိုင်မှာလူကြိုက်များတာက ငါးခူမုန့်ဟင်းခါးလို့ဆိုတယ်။ ဒါပေမယ့် မုန့်ဟင်းခါး ဓာတ်မကျသေးလို့ စားတော့မစားဖြစ်ခဲ့ဘူး။

ဆိုင်က ၂ ထပ်ရှိပြီး မြို့ထဲနဲ့နီးလို့ သွားရလာရ လွယ်ကူတဲ့နေရာမှာရှိတယ်။ ဒါပေမယ့် ကားပါကင်အတွက်တော့ ခေါင်းခဲရမယ်လို့ဆိုနိုင်တယ်။ ဆိုင်နေရာက စံပြရုပ်ရှင်ရုံနောက်ဘက်က One Zabb ဆိုင်အဟောင်းနေရာမှာပါ။ ဆိုင်အသစ်အဆန်းလေးတွေရှာနေတဲ့သူငယ်ချင်းတွေအတွက် ဒီဆိုင်လေးကို လမ်းညွှန်လိုက်ပါတယ်။