တာမွေက မြိတ်အရသာစစ်စစ်ကတ်ကြေးကိုက်ဆိုင်

မြိတ်အစားအစာကောင်းကောင်းတွေစားနိုင်မယ့် ဒေါ်လှရီ ကတ်ကြေးကိုက်ဆိုင်ကို ဒီတစ်ပတ်ရောက်ဖြစ်ခဲ့တယ်။ အစားအသောက်အရသာကောင်းတယ်ဆိုပြီး နာမည်ကြီးနေတဲ့ အိမ်ဆိုင်လေးဖြစ်တာကြောင့် ပိုစိတ်ဝင်စားမိတယ်။

ဆိုင်မှာ နံနက်ပိုင်းအတွက် မြိတ်မုန့်ဟင်းခါး၊ မုန့်လက်သုတ်၊ မြိတ်ကော်ပြန့်စိမ်းတို့ကို ရောင်းချတယ်လို့ သိရပါတယ်။ နောက်တစ်ခုဆိုင်မှာ လူကြိုက်များတာက အချိုပွဲတွေပါ။

သာခွေယိုင်၊ ဒူးရင်းကောက်ညှင်း၊ မုန့်လုံးအုန်းနို့ဆန်းနဲ့ မြိတ်ဒေသအခေါ် မျှော့လို့ခေါ်တဲ့ အချိုပွဲတွေက လူကြိုက်များပြီး စားလို့ကောင်းပါတယ်။ ဒီအချိုပွဲတွေကတော့ စောစောသွားမှရမှာဖြစ်ပြီး ညနေပိုင်းလောက်ဆို မရှိတော့ပါဘူး။ တစ်ပွဲကို ၅၀၀ ကျပ်ဖြစ်ပါတယ်။

ဒီတစ်ပတ်စားဖြစ်ခဲ့တဲ့ အစားအစာတွေထဲမှာ ခံတွင်းတွေ့မိပြီး ကြိုက်ခဲ့တာကတော့ ကော်ပြန့်စိမ်းပါ။ ဆလတ်ရွက်၊ ပဲပင်ပေါက်၊ မုန်လာဥ၊ ကြက်ဥနဲ့ ကြက်သားတို့ပါတဲ့ မြိတ်ကော်ပြန့်စိမ်းကို အချဉ်ရည်လေးနဲ့တွဲစားရတာ တကယ်ပဲအရသာရှိလှပါတယ်။

ကတ်ကြေးကိုက်ကတော့ ဒီဆိုင်ရဲ့ signature ဖြစ်ပြီး တနေကုန်ရတဲ့အစားစာတစ်ခုပါ။ ကတ်ကြေးကိုက်မှာပါတဲ့ ငရုတ်သီးနဲ့ အခြားပါဝင်ပစ္စည်းတွေကို ဆိုင်မှာပဲလုပ်ပြီး အသင့်ဝယ်သုံးတာမဟုတ်လို့ ကျန်းမာရေးအတွက် စိတ်ချလက်ချစားနိုင်တယ်လို့ဆိုပါတယ်။ အရသာကောင်းပြီး မြိတ်ကတ်ကြေးကိုက်အရသာစစ်စစ်ကို ရနိုင်ပါတယ်။ တစ်ပွဲကို ၁၅၀၀ ၊ ပင်လယ်စာနဲ့ဆို ၂၀၀၀ ကျပ်ဖြစ်ပြီး အစားနည်းတဲ့သူဆို တစ်ပွဲကို ၂ ယောက်စားလို့ရပါတယ်။

ဆိုင်က အစားအသောက်တွေရဲ့အရသာက ကောင်းပြီးလူကြိုက်များပါတယ်။ ဒါပေမယ့် ဆိုင်ရဲ့ အဓိကအားနည်းချက်က အိမ်ဆိုင်ခပ်သေးသေးဖြစ်တာကြောင့် ဆိုင်မှာထိုင်စားဖို့အတွက် နေရာအခက်အခဲရှိပါတယ်။ ပါဆယ်ပြန်ထုပ်ပြီး အိမ်မှာစားမယ်ဆိုရင်တော့ အဆင်ပြေပါလိမ့်မယ်။ အလှူပွဲတွေအတွက်လည်း အော်ဒါမှာချင်တယ်ဆိုရင် လက်ခံပေးတယ်လို့သိရပါတယ်။ ကဲ မိတ်ဆွေတို့လည်း ကတ်ကြေးကိုက်မှာ နာမည်တစ်လုံးရထားတဲ့ ဒေါ်လှရီဆိုင်လေးကို မရောက်ဖူးသေးရင် တစ်ခါလောက် သွားစားကြည့်ကြပါဦး။