သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အားရပါးရစားသောက်ဖို့အတွက် စားလို့လည်းကောင်း၊ များများလည်းပါတဲ့ ဟင်းပွဲအကြီးကြီးတွေနဲ့တန်တဲ့ မြောက်ဒဂုံ၊ ဗိုလ်မှူးဗထူးလမ်း၊ ဖြိုးစပယ်မှတ်တိုင်နားက Beer Garden ဆိုင်ကို ညွှန်းချင်ပါတယ်။

ဆိုင်မှာ အဓိကရတဲ့ ဟင်းပွဲတွေနဲ့ အမြည်းက တော်တော်လေးစုံလင်ပါတယ်။ ငါးတစ်ကောင်ကို ဟင်းပွဲတစ်ပွဲထဲမှာ အရသာသုံးမျိုးနဲ့ချက်ထားတဲ့ ငါးတစ်ကောင်ဟင်းသုံးမျိုးချက်က ဒီဆိုင်ရဲ့ နာမည်ကြီးတဲ့ ဟင်းပွဲပါ။ ယိုးဒယားအစပ်အရသာ၊ ပင်စိမ်းကုန်းဘောင်၊ အကြွတ်ကြော်၊ အရသာသုံးမျိုးပါဝင်ပြီး စားလို့အတော်လေး ကောင်းတဲ့ဟင်းပွဲပါ။ တစ်ပွဲကို (၁၀၀၀၀) ကျပ်နဲ့ သုံးယောက်၊ လေးယောက်လောက်တော့ အသာလေးစားလို့ရပါတယ်။

နောက်ထပ် ချဉ်ချဉ်စပ်စပ်နဲ့စားလို့ကောင်းတဲ့ဟင်းပွဲက ငါးရှဥ့်တောချက်ပါ။ ဒါကတော့ အထွေအထူးညွှန်းနေစရာမလိုပါဘူး။ ငါးရှဥ့်ကို တောရွာတွေမှာချက်သလို ချက်ထားတဲ့ ဟင်းပွဲပါ။ မန်ကျည်းအနှစ်လေးနဲ့ ချက်ထားတဲ့ဟင်းက တကယ့်တောရွာဓလေ့အရသာမျိုးကို ရရှိစေပါတယ်။

ငါးကြင်းနဲ့ချက်ထားတဲ့ ကရင်ရိုးရာငါးသောက်ဆမ်းကို အရည်သောက်ဟင်းပွဲအတွက် စားလို့ရပါသေးတယ်။ မျှစ်ချဉ်၊ မှို၊ စပါးလင်နဲ့ ချဉ်စပ်အရသာဟင်းအရည်သောက်ကိုလည်း မြန်မာပါးစပ်နဲ့စားကြည့်လိုက်တာနဲ့ ကြိုက်မယ်လို့မြင်ပါတယ်။

ပင်လယ်စာအနေနဲ့ကတော့ ပြည်ကြီးငါးရိုးရာသုပ်ကို ချဉ်စပ်အရသာနဲ့ လည်းရပါတယ်။ ထိုင်ဝမ်ဂဏန်းချက်၊ Beer Garden ထမင်းကြော်၊ ပုစွန်တုံယမ်းချက် စတဲ့အရသာကောင်းပြီး အများကြီးပါတော့ အဖွဲ့လိုက်သွားစားမယ့်သူတွေအတွက်တော့ လုံးဝတန်တယ်လို့ ညွှန်းချင်ပါတယ်။


အစားသီးသန့်မဟုတ်ပဲ သောက်ချင်တဲ့သူတွေအတွက်လည်း Tiger၊ ABC ဘီယာကို စည်နဲ့ရပါတယ်။ တခြားသောက်စရာ ယမကာမျိုးစုံနဲ့ ဘီယာမျိုးစုံလည်းရနိုင်ပါတယ်။