ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့သွားလို့ရမယ့် Roof Top Bar & Restaurant

လာမယ့် Weekend မှာ သူငယ်ချင်းတွေနဲ့ ဘယ်သွားပြီး ဘာစားရင်ကောင်းမလဲစီစဉ်နေတဲ့ ဘော်ဒါတွေအတွက် လူရှင်းပြီး အေးဆေးထိုင်လို့ရတဲ့ Roof Top Bar တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နေရာကတော့ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းနဲ့ သစ်တောလမ်းထောင့်က Hotel 99 Yangon အပေါ်ဆုံးထပ်မှာရှိတဲ့ 99 Bistro Roof Top Bar & Restaurant ပဲဖြစ်ပါတယ်။

အစားအသောက်အနေနဲ့လည်း အမျိုးအစားတော်တော်စုံလင်စွာရနိုင်ပါတယ်။ ဒီတစ်ခေါက်သွားစားဖြစ်ခဲ့တဲ့ 99 Bistro ရဲ့ဝက်လက်စတူး၊ ပုစွန်ငရုတ်ကောင်းမြေအိုးနဲ့ သတ်သတ်လွတ် ဂျပန်တိုဟူးအကြောင်း ပြန်ပြီးဖောက်သည်ချချင်ပါတယ်။

ပုစွန်ငရုတ်ကောင်းမြေအိုး
ပုစွန်ငရုတ်ကောင်းမြေအိုး

ပုစွန်ငရုတ်ကောင်းမြေအိုး – ပုစွန်ထုပ်အကောင်းကြီးကြီးတွေ ၀န်းရံထားတဲ့ ဒီဟင်းပွဲက ဒီ Bar ရဲ့ Signature တစ်ခုလို့လည်းဆိုပါတယ်။ ပုစွန်၊ ပန်းငရုတ်ပွ၊ ငရုတ်ကောင်းစေ့၊ ကြက်သွန်မြိတ်တို့ပါပြီိး ငရုတ်ကောင်းအာနိသင်ကြောင့် ပူတဲ့အရသာရှိပါတယ်။ ပုစွန်တစ်ကောင်ချင်းစီကို သေချာနှယ်ပြီး ချက်ထားတာကြောင့် အသားမှာပါ အရသာကို ခံစားရနိုင်ပါတယ်။

ဝက်လက်စတူး
ဝက်လက်စတူး

ဝက်လက်စတူး – ၀က်လက်ရဲ့အသားတွေချည်း နူးအိနေအောင်ပေါင်းထားတဲ့ ၀က်လက်စတူးက စားလိုက်တာနဲ့တင် အီဆိမ့်သွားစေပါတယ်။ မှုန်ညှင်းရွက်၊ မှို၊ ဘဲဥပြုတ်တို့ပါဝင်ပြီး ဆီအရမ်းမများပဲ စားရတာအဆင်ပြေပါတယ်။ အရသာက အချိုဘက်ကိုအနည်းငယ်သွားပြီး ကလေးတွေပါကြိုက်မယ်လို့ထင်ပါတယ်။

ဂျပန်တိုဟူး
ဂျပန်တိုဟူး

ဂျပန်တိုဟူး – သတ်သတ်လွတ်စားတဲ့သူတွေအတွက် ဟင်းပွဲပါ။ ဂျပန်တိုဟူးကို ကြွက်နားရွက်မှို၊ ကောက်ရိုးမှို၊ black mushroom တို့နဲ့တွဲချက်ထားပြီး ပဲငံပြာရည်အရသာနဲ့ အချိုဘက်သွားတဲ့အရသာရှိပါတယ်။ ဟင်းကို ထောပတ်နဲ့ ကြက်ဥခင်းထားတဲ့ hot plate ပေါ်မှာပြင်ဆင်ထားတာကြောင့် ကြက်ဥနဲ့ သက်သက်လွတ်အကြောင်းကို စဉ်းစားရင်း စားခဲ့ရတဲ့ဟင်းပွဲလေးတစ်ခုပါ။

ဒီ Roof Top Bar ကဖွင့်ထားတာသိပ်မကြာသေးတဲ့အတွက် လူအရမ်းမများပဲ အေးအေးဆေးဆေးသွားချင်တဲ့သူတွေအတွက် လုံးဝသင့်တော်ပါတယ်။ ဘားမှာဘာတွေရနိုင်လဲဆိုတော့ Classic and Modern mixology Beverages အစုံရနိုင်ပြီး beer, wine တွေအပြင် Classic, Creation, Signature Cocktail, 99 Bistro Brewed Coffee ကို သောက်လို့ရပါတယ်။

warmae.com logoView details of the store in warmae.com

99 Bistro Roof Top Bar & Restaurant

Address:
Thit Taw Street
Hours:
7:00 - 22:00
Tel:
012302510