သဘာဝရဲ့လက်ဆောင်ဖြစ်တဲ့ အသီးအရွက်တွေကို ပုံစံအမျိုးမျိုးနဲ့ လုပ်စားကြဖူးမှာပါ။
အစိမ်းဖြစ်စေ၊ ချက်ပြုတ်၍ဖြစ်စေ စားသုံးကြပြီး အသီး၊ အရွက်တိုင်းမှာ မတူညီတဲ့ ပုံစံအမျိုးမျိုး အရသာအမျိုးမျိုးရှိကြပါတယ်။ ဒီတစ်ခေါက်ရောက်ဖြစ်ခဲ့တဲ့ သဘာဝသစ်သီးဖျော်ရည်စုံနဲ့ အသုပ်စုံရတဲ့ဆိုင်လေးအကြောင်းပြောပြချင်တယ်။
ဆိုင်နာမည်က ထူးထူးဆန်းဆန်းလေး Tattoo Snack and Drinks ပါ။ ဆိုင်မှာ မြန်မာ့ရိုးရာအသီးအရွက်စုံ၊ အသုပ်စုံမျိုးစုံရပါတယ်။ အာလူးထောင်းသုပ်၊ လက်ပံပွင့်သုပ်၊ ပဲပင်ပေါက်ပဲပြားသုပ်၊ ဟင်းနုနွယ်ရွက်သုပ်၊ ၀ဥသုပ် စတဲ့ ဆိုင်တိုင်းမှာမရနိုင်တဲ့ ထူးထူးဆန်းဆန်းအသုပ်လေးတွေလည်းရှိပါတယ်။

ဒီတစ်ပတ် ထူးထူးခြားခြား မြည်းစမ်းဖြစ်ခဲ့တဲ့ ၀ဥသုပ်အကြောင်းလေး ဖောက်သည်ချချင်တယ်။ မြို့နေလူတန်းစားတွေ သိပ်မစားဖြစ်တဲ့ ၀ဥကိုတိုင်းရင်းသားဒေသတွေမှာတော့ ပိုစားဖြစ်ကြတယ်။ ၀ဥကို တရုတ်၊ ဂျပန်နိုင်ငံတွေမှာတော့ အတော်လေး လူကြိုက်များပါတယ်။ ကျန်းမာရေးအတွက် အတော်အထောက်အကူပြုတယ်လို့တော့ ဂျပန်လူမျိုးအများစု ယုံကြည်ထားကြတယ်။ ထူးခြားတဲ့အရသာလို့ ထင်ထင်ရှားရှားမရှိပေမယ့် မြန်မာမှုပြုပြီး မြန်မာသုပ်လုပ်လိုက်တော့ စားလို့တော့ အတော်လေးကောင်းတယ်။ချဉ်၊ ငန်၊ စပ်အရသာလေးနဲ့ ရှူးရှုးရှဲရှဲစားချင်တယ်ဆိုလည်း အတော်လေး လိုက်ဖတ်တယ်လို့ဆိုရမယ်။

နောက်တစ်မျိုးစားဖြစ်ခဲ့တဲ့ ဟင်းနုနွယ်ရွက်သုပ်ကတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ သူ့မှာလည်း သူ့အရသာနဲ့သူစားလို့ကောင်းပါတယ်။ အစပ်သိပ်မစားနိုင်တဲ့သူဆိုရင်တော့ ငရုတ်သီးရှောင်ပေးဖို့ပြောပြီး အချိုသုပ်မှာရင် အတော်ပဲ။လက်ပံပွင့်သုပ်၊ သခွပ်ပွင့်သုပ်တို့လို အသုပ်မျိုးတွေလည်း စားကြည့်ဖို့ အကြံပြုပါတယ်။ တစ်ခုရှိတာက ဒီအသုပ်တွေအကုန်လုံးရဲ့ကုန်ကြမ်းပစ္စည်းဟာ အလွယ်တကူမရနိုင်တာကြောင့် ပစ္စည်းပြတ်တဲ့အခါမျိုးမှာတော့ မရနိုင်ဘူးလို့ သိရပါတယ်။ ကိုယ်သွားမစားခင်မှာ
ဖုန်းလေးအရင်ကြိုဆက်ပြီး ရ မရ ကို confirm လုပ်ထားရင်တော့ သွားမော မဖြစ်တော့ဘူးပေါ့။
ဒီလိုမှမဟုတ်ပဲ ဗိုက်ပြည့်အောင်စားမယ်ဆိုရင်တော့ Tattoo Hot Pot စားလို့ရတယ်။ နှစ်ယောက်လောက် စားလို့ရပြီးတစ်ပွဲကို ၆၅၀၀ နဲ့ ၈၅၀၀ ဆိုပြီးရှိပါတယ်။

အသုပ်စားပြီး အအေးဘက်လှည့်မယ်ဆိုလည်း သီးစုံဖျော်ရည်ရှိတယ်။ ကိုယ်ပိုင်အချဉ်ဖောက်ထားတဲ့ ဒိန်ချဉ်ရယ်၊ ကော်ဖီမျိုးစုံလည်း သောက်လို့ရပါတယ်။ထူးထူးဆန်းဆန်း အသုပ်လေးတွေစားဖူးချင်တယ်ဆိုရင်တော့ Tattoo Snack and Drinks ကို တစ်ခါလောက် သွားလေ့လာကြည့်ပါဦးနော် …
ဆိုင်လိပ်စာက – အမှတ် (၅၁-ဘီ)၊ ကွင်းကျောင်းလမ်း၊ အလုံမြို့နယ်မှာ ဖြစ်ပါတယ်။