မြန်မာ့ရိုးရာ အစားအစာတွေအကြောင်းပြောမယ်ဆိုရင်တော့ မုန့်ဟင်းခါးကို ချန်ထားခဲ့လို့မရပါဘူး။
မြန်မာနိုင်ငံအနံ့အပြားမှာ နေရာဒေသအပေါ်မူတည်ပြီး မုန့်ဟင်းခါးကို အရသာအမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်စားသောက်ကြပါတယ်။

အကြမ်းဖျဉ်းအားဖြင့် ရန်ကုန်မုန့်ဟင်းခါးနဲ့ ဧရာဝတီတိုင်းဒေသများက မုန့်ဟင်းခါးများကိုတော့ အထူးလူကြိုက်များလှပါတယ်။

ဒီတစ်ပတ်မှာတော့ အလုံမြို့နယ်၊ သစ်တောလမ်း၊ စာတိုက်မှတ်တိုင်အနီးမှာရှိတဲ့ မြသီတာ (ရွှေတွံတေး) မုန့်ဟင်းခါးဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဆိုင်အပြင်အဆင်က သန့်ရှင်းသပ်ရပ်မှုရှိပြီး စားသောက်ဆိုင်ကောင်းတစ်ခုရဲ့အင်္ဂါရပ်နဲ့ပြည့်စုံပါတယ်။ ဒီဆိုင်လေးမှာ မုန့်ဟင်းခါးကို ငရုပ်ကောင်းချက်နဲ့ ရိုးရိုးချက် (၂) မျိုးစားလို့ရပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမုန့်ဟင်းခါးတစ်ပွဲရဲ့ အရသာကို အပြည့်အ၀ခံစားနိုင်ပါတယ်။


ဒီဆိုင်ရဲ့ ထူးခြားချက်ကတော့ အချိုမှုန့်လုံးဝမသုံးပါ ဆိုတဲ့စာသားကို ထင်သာမြင်သာရှိအောင် ကပ်ထားပြီး ဆိုင်ရဲ့အတွင်းပိုင်းနေရာတွေမှာ သင့်ကျန်းမာရေးအတွက်အလေးထားချက်ပြုတ် ပါသည် လို့ရေးထားတာက စားသုံးသူတွေအဖို့ စိတ်ကျေနပ်မှုတစ်ခုခုရစေပါတယ်။

နောက်ထူးခြားတာတစ်ခုက အချိုပွဲကို ကိုယ်တိုင်ယူစနစ်နဲ့ အခမဲ့သုံးဆောင်နိုင်တာပါ။ မုန့်ဟင်းခါးအပြင် အုန်းနို့ခေါက်ဆွဲ၊ နို့စိမ်းခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ၊ ထမင်းကြော်၊ ပြည်ကြက်သားပလာတာ၊ နန်းကြီး၊ နန်းပြားသုပ်တွေလည်း ရရှိနိုင်ပါတယ်။ သင်ဟာ မြန်မာ့ရိုးရာ အစားအစာကြိုက်တဲ့သူဆိုရင်တော့ ဒီဆိုင်လေးကို တစ်ခေါက်လောက်သွားရောက်မြည်းစမ်းကြည့်ဖို့ အကြံပြုပါတယ်။