အညာရောက်ရင် ထန်းရည်သောက်ပြီးမှပြန်ပါ

ထန်းရည်ဟာ မြန်မာနိုင်ငံအနှံ့က ဒေသအတော်များများမှာ ရရှိနိုင်တဲ့ မြန်မာ့ရိုးရာ အစားအသောက်တစ်ခုပါ။ ဒါပေမယ့် ထန်းတောတွေနဲ့ အလှဆင်မြန်းထားတဲ့ အညာဒေသထွက် ထန်းရည်ကတော့ ပြိုင်ဘက်ကင်းပေါ့။ အညာဒေသရဲ့အကောင်းဆုံးထန်းရည်ဆိုင်တွေထဲကမှ စိတ်ဝင်စားစရာအကောင်းဆုံးဆိုင်လေးတစ်ခုကို ဒီတစ်ပတ်ရောက်ဖြစ်ခဲ့ပါတယ်။ 

အညာလက်ဆောင်ထန်းရည်ဆိုင်
အညာလက်ဆောင်ထန်းရည်ဆိုင်

ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဆိုင်လေးက ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမဘေးက
အညာလက်ဆောင် ဆိုတဲ့ထန်းရည်ဆိုင်လေးပါ။ ဆိုင်ရဲ့ အပြင်အဆင်က တခြားတွေ့မြင်နေကျ ဆိုင်လိုမဟုတ်ပဲထန်းပင်တွေပေါ်မှာပဲ ထန်းတဲဆောက်ထားတာက ထူးခြားလို့နေပါတယ်။ ဒီလိုအပြင်အဆင်မျိုးနဲ့ ပုံစံဟာနေရာတိုင်းမှာ မရှိတဲ့အတွက် ကင်မရာထုတ်ပြီး အရင်ဆုံး ဓာတ်ဖမ်းကြဖို့ တိုက်တွန်းလိုပါတယ်။

အညာလက်ဆောင်ထန်းရည်ဆိုင်
အညာလက်ဆောင်ထန်းရည်ဆိုင်

ရရှိနိုင်တဲ့ ထန်းရည်အမျိုးစားကတော့ ထန်းရည်အချိုကို အပျော့၊ အပြင်း (၂) မျိုးရပါတယ်။ ဒီလိုမှမဟုတ်ပဲ အခါးသောက်ချင်တယ်ဆိုလည်းသောက်လို့ရပါတယ်။ ထန်းရည်အရသာကတော့ ကိုယ်သောက်တဲ့အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။ ထန်းရည်ကောင်းကောင်းသောက်ချင်ရင်တော့ မနက်စောစောပိုင်းက အသင့်တော်ဆုံးဖြစ်မှာပါ။

ထန်းရည်နဲ့ တွဲပြီးသောက်လို့ရတဲ့ အမြည်းကတော့ ငုံးကြော်၊ ကြက်ကြော်၊ လဘက်၊ ပဲလုံးသုပ် တွေရှိပါတယ်။စားနေကျမဟုတ်တဲ့ ပဲလုံးသုပ်ကတော့ စားရတာ အထူးတလည်ကောင်းမွန်လှတယ်။ အရသာလေးကဆိမ့်ပြီး စားရတာနဲ့ ပေးရတဲ့ဈေးက တန်တယ်လို့ဆိုရမယ်။

ပဲလုံးသုပ်
ပဲလုံးသုပ်

ထန်းရည်သောက်ပြီဆိုရင် တခါတလေမှာ အခန့်မသင့်ရင်ဗိုက်နဲ့ပတ်သက်တဲ့ ပြသနာတွေဖြစ်နိုင်တဲ့အတွက် အောက်က အနည်တွေကို မသောက်မိဖို့လိုပါတယ်။

အမှတ်တရလက်ဆောင်ဝယ်ယူနိုင်မည့်နေရာ
အမှတ်တရလက်ဆောင်ဝယ်ယူနိုင်မည့်နေရာ
အညာလက်ဆောင်ထန်းရည်ဆိုင်
အညာလက်ဆောင်ထန်းရည်ဆိုင်

အညာလက်ဆောင် ဆိုတဲ့ထန်းရည်ဆိုင်မှာ ထန်းရည်အပြင် အညာဒေသရဲ့ ထန်းလျက်၊ ထန်းထွက်ပစ္စည်းများနဲ့ ပဲဆီကိုလည်းအမှတ်တရလက်ဆောင် ၀ယ်လို့ရနိုင်ပါသေးတယ်။ အညာဒေသဘက်ကို ခရီးသွားလို့ပဲဖြစ်စေ လမ်းကြုံလို့ပဲဖြစ်စေ ရောက်ဖြစ်ခဲ့ရင် ဒီထန်းရည်ဆိုင်လေးကို ကြုံကြိုက်ရင် သွားရောက် မြည်းစမ်းကြည့်ဖို့ အကြံပြုလိုပါတယ်။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။